မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၁၃၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၉၀၉ ယောက် ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၈၁၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၃၆၀ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၇၆ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၈ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦး ရေကတော့ ၃,၀၇၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၂၇ ရက်မနက် ၈ နာရီလောက်က မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကျားပစ်ကန်ကျေးရွာကို စစ်သားတွေနဲ့ ပျူစောထီးတွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အဆိုပါကျေးရွာအတွင်းက အိမ်ခြံဝင်းအတွင်း ဆော့ကစားနေတဲ့ အသက် ၄ နှစ်ခွဲအရွယ် မသိမ့်သိမ့်ဖြူမှာ လက်နက်ကြီးကျည်ထိမှန်ပြီး နေရာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇူလိုင် ၂၅ ရက်မနက်ပိုင်းအချိန်က ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ နှီာရ်လောန်ကျေးရွာအတွင်းကို အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်လာတာကြောင့် ဒေသခံရွာသားတွေဟာ ထွက်ပြေးခဲ့ကြပါ တယ်။ ဒေသခံရွာသား တယောက်ဖြစ်တဲ့ ဆလိုင်းမန်လျန်ဆန်ဟာ ကျေးရွာအတွင်းက မူကြိုကလေးငယ်တွေကို ခေါ်ယူဖို့ ဆိုင်ကယ်နဲ့ သွားရောက်ချိန် လမ်းမှာ စစ်သားတွေနဲ့ ထိပ်တိုက်တိုးကာ ပစ်ခတ်ခံခဲ့ရတာ ကြောင့် ပေါင်ကိုကျည်ထိမှန်ခဲ့ပြီး သွေးထွက်လွန်ကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။