တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာ အခု ဇူလိုင်လအတွင်း စစ်ကောင်စီတပ်သားတွေက ညတိုင်းနီးပါး သေနတ်ပစ်ဖောက်ခြိမ်းခြောက်နေလို့ ပြည်သူတွေ စိုးရိမ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ထားဝယ်မြို့ခံတဦးက “ပစ်တာကတော့ လူဝင်ဖမ်းတဲ့အချိန် လူတွေထွက်မကြည့်ရဲအောင် ခြောက်ပြီးပစ်တာလည်းရှိတယ်။ သူတို့ဟာသူတို့ ကင်းလှည့်ရင်း မိုးပေါ်ထောင်ပစ်တာမျိုးလည်း ရှိတယ်။ ပစ်တာကတော့ ညတိုင်းနီးပါးပဲ” လို့ ပြောပါတယ်။
ထားဝယ်မြို့အတွင်း ရဲစခန်းတွေအပြင် တိုင်းဒေသကြီးလွှတ်တော်၊ ဝန်ကြီးတွေအိမ်ရာနဲ့ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းချ နေထိုင်တာတွေရှိပြီး အဲဒီနေရာတွေဘက်ကလည်း မကြာခန သေနတ်ပစ်ဖောက်သံတွေ ကြားရလေ့ရှိတယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။
ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်နေ လူငယ်တဦးက “ရပ်ကွက်ထဲ ကြားလေ့ရှိတာက တချက်၊ နှစ်ချက်ပဲ။ ကြားရတာတော့ ညတိုင်းလိုလို ကြားရတာ။ ည ၉ နာရီကျော်လောက်မှာ ကြားရတာများတယ်။ ပစ်တာကတော့ စစ်သားတွေပဲ၊ ခြိမ်းခြောက်ပြီး ပစ်တာဖြစ်မယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ဘာကြောင့် အခုလို သေနတ်ပစ်ဖောက်တာလဲ ဆိုတာကို သေချာမသိရပေမဲ့ မြို့ခံတွေကတော့ သေနတ်သံကြားရတိုင်း စိုးရိမ်ထိတ်လန့်နေရတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ကတော့ ထားဝယ်မြို့၊ အာဇာနည်ဗိမာန်မှာ ကင်းပုန်းဝပ် ပြီး လာရောက်စောင့်ကြည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့ (Dawei Guerrilla) က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိခဲ့ပါတယ်။