မြန်မာနိုင်ငံမှာ နေထိုင်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေ အထူးသတိထားသွားလာနေထိုင်ကြဖို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဇူလိုင် ၂၇ ရက်မှာ သတိပေးစာတစ်စောင်ထုတ်ပြန်လိုက်ပါတယ်။
အဲဒီသတိပေးစာမှာ မြန်မာနိုင်ငံအနှံ့ အထူးသဖြင့်ရန်ကုန်မြို့မှာ စစ်ကောင်စီနဲ့ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့လှုံ့ဆော်တဲ့ ရေးသားချက်တွေကို ဆိုရှယ်မီဒီယာတွေမှာ တွေ့နေရတာကြောင့် အမေရိကန်နိုင်ငံသားတွေအနေနဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့တွေအနီးမှာ မနေဖို့တိုက်တွန်းထားပါတယ်။
အဲဒါအပြင် လက်လုပ်ဗုံးနဲ့ တိုက်ခိုက်တာတွေ၊ စစ်ကောင်စီကို အားပေးထောက်ခံသူတွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို လုပ်ကြံမှုတွေရှိလာနိုင်တာကိုလည်း သတိထားကြပါလို့ ဖော်ပြထားပါတယ်။
နိုင်ငံခြားသားတွေကို သီးသန့်ရန်ပြုမယ့် အခြေအနေမရှိပေမဲ့ နေရာမှား၊ အချိန်မှားမှာ ရှိမနေဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှု၊ ဆန္ဒပြမှုနဲ့ သူတို့ရဲ့အာဏာကို ထိပါးခြိမ်းခြောက်မှုတွေအပေါ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တုံ့ပြန်ဖြေရှင်းမှုကြောင့် အားလုံးဟာ ပတ်ဝန်းကျင်ကိုနားစွင့်ပြီး သတိနဲ့သွားလာကြဖို့ တိုက်တွန်းထားပါတယ်။ တိုက်ခိုက်မှုတွေဟာ အချိန်မရွေးနေရာမရွေးဖြစ်ပေါ်လာနိုင်တယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အချိန်မရွေးအဆက်အသွယ်တွေ ပြတ်တောက်သွားနိုင်တာကိုလည်း ကြိုတင်မှန်းဆထားကြဖို့နဲ့ တကယ်လို့ စစ်ကောင်စီက အပြင်မထွက်ရအမိန့်ထုတ်ခဲ့ရင် သို့မဟုတ် အပြင်ထွက်ရခက်ခဲတဲ့ အခြေအနေမျိုးကြုံခဲ့ရင် အစာ၊ ရေနဲ့ ဆေးဝါးတွေ မပြတ်စေဖို့ ၇ ရက်စာ ကြိုတင်စုဆောင်းထားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
မိမိပတ်ဝန်းကျင်ရဲ့ လုံခြုံရေးနဲ့ ဆက်သွယ်ရေး အခြေအနေအပြောင်းအလဲတွေကိုလည်း သတိထားစောင့်ကြည့်ကြပါလို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။