စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရေမိန်ကျေးရွာမှာ ဇူလိုင် ၂၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ သတ်ဖြတ်ထားခဲ့တဲ့ ပြည်သူ ၅ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျားတက်ကျေးရွာဘက်ကနေလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ရေမိန်ကျေးရွာကို ဇူလိုင် ၂၅ ရက် ညနေပိုင်းက ဝင်ရောက်ခဲ့ပြီးနောက် အခုလို ပြည်သူတွေရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ ထွက်ခွာသွားပြီးနောက်ပိုင်း ဒေသခံတွေဟာ ကျေးရွာအတွင်းနဲ့ အနီးပတ်လည်တွေမှာ သွားရောက်ကြည့်ရှုကြရာ ရေမိန်တောင်ရွာမှာ ပုတ်ထဲအတွင်း အသတ်ခံထားရတဲ့ ပြည်သူ ၄ ဦးရဲ့ ရုပ်အလောင်းတွေ၊ ရေမိန်တောင်ရွာနဲ့ မြောက်ရွာကြား ရေအုတ်ကန်နံဘေးမှာ ၁ လောင်း တွေ့ရှိခဲ့ရကြောင်း၊ အသတ်ခံထားရတဲ့သူအားလုံးဟာ အမျိုးသားတွေဖြစ်ပြီး ၃ ဦးကတော့ ရေမိန်ကျေးရွာဇာတိတွေဖြစ်ကာ ကျန် ၂ ဦးကတော့ အခြားကျေးရွာက ပြည်သူတွေဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အခုလို သတ်ဖြတ်သွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဇူလိုင် ၂၆ ရက်နေ့မှာတော့ ဆားလင်းကြီးမြို့အတွင်းကို ဝင်ရောက်သွားခဲ့ကြသလို အဲဒီစစ်ကြောင်းသွားရာ လမ်းတလျှောက်ရှိ ဒေသခံပြည်သူတွေဟာလည်း နေအိမ်တွေမှာ မနေရဲကြဘဲ ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ရှောင်ပြည်သူအချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိခဲ့ပြီး ဖမ်းဆီးခံရတဲ့ ပြည်သူတွေရဲ့ အခြေအနေ လက်ရှိအချိန်ထိ ဘာမှ မသိရသေးဘူးလို့လည်း ဆိုပါတယ်။