Home
မြန်မာသတင်း
စနဲမြို့တွင် ဌာနဆိုင်ရာရုံးများပိတ်ပြီး ဝန်ထမ်းများကို နေရပ်ပြန်ခိုင်းနေသဖြင့် ဒေသခံများစိုးရိမ်
DVB
·
July 27, 2022
Sa Ne Township

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့စခန်းမှူးကို အေအေက ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီက စာသင်ကျောင်းတွေ အပါအဝင် ဌာနတွေကို ပိတ်ခိုင်းပြီး ဝန်ထမ်းတွေကို မိမိနေရပ်ပြန်ဖို့ ညွှန်​ကြားထားတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

စနဲမြို့မှာ ဇူလိုင် ၂၄ ရက် မနက်က စျေးဝယ်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စနဲမြို့စခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းကို ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၂၀ ကျော်ကို ပြန်လည်လွှတ်ပေးခဲ့ပေမဲ့ လူငယ် ၄ ဦးကိုတော့ ဖမ်းဆီးထားဆဲပါ။

ဇူလိုင် ၂၆ ရက်မှာတော့ စနဲမြို့မှာရှိတဲ့ ထွေအုပ်အပါအဝင် ဌာနဆိုင်ရာရုံးတွေကို ပိတ်ခိုင်းထားပြီး ဝန်ထမ်းတွေကိုလည်း နေရပ်ပြန်ကြဖို့ ပြည်နယ်က ညွှန်ကြားထားတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ စနဲမြို့ခံတဦးက ပြောပါတယ်။

“စနဲမှာ မီးသတ်ရှိတယ်၊ စည်ပင်ရှိတယ်၊ မြို့အုပ်ချုပ်ရေးမှူးရုံးရှိတယ်၊ အစိုးရအထက်တန်းကျောင်းရှိတယ်။ အဲဒီဌာနတွေ အကုန်လုံးကို ပိတ်လိုက်တယ်။ နယ်ကဝန်ထမ်းတွေ အကုန်လုံးလည်း ပြန်သွားကြပြီ။ ကျနော်တို့ကြားသိရတာက ပြည်နယ်က ညွှန်ကြားထားတယ်လို့ သိရတယ်။ ဒီအပေါ်မှာ ကျနော်တို့ ဒေသခံတွေအတွက်ကတော့ အရမ်းကို စိုးရိမ်ရတဲ့ အနေအထားပါ။ ဘာကြောင့်လဲဆိုရင် ဒီလိုဝန်ထမ်းတွေကို မြို့မှာမနေခိုင်းဘူးဆိုတဲ့ အနေအထားဟာ စစ်ရေးပြင်ဆင်တဲ့ အနေအထားနဲ့ တူနေတဲ့အတွက် ကျနော်တို့က အရမ်းစိုးရိမ်နေတာပေါ့။”

စနဲမြို့ပေါ်မှာ စခန်းမှူးဖမ်းဆီးခံရတဲ့နေ့က လူသွားလူလာများတဲ့ လမ်းတွေပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ကာ စစ်ဆေးဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ပိတ်ဆို့စစ်ဆေးတာတွေ မရှိတော့ဘဲ စနဲမြို့စခန်းမှာသာ စခန်းချ နေထိုင်နေကြတဲ့အတွက် စျေးဆိုင်ခန်းတချို့ ပြန်လည်ဖွင့်လှစ် ရောင်းချနေကြသလို အရင်ကလို ပြန်လည်သွားလာမှုတွေ ရှိနေပေမဲ့ စိုရိမ်နေကြတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြား စစ်ရေးတင်းမာနေချိန် စစ်ကောင်စီက မြို့နယ်အနှံ့မှာ စစ်အင်အားတိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားတာတွေနဲ့ အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေသလို ရခိုင့်တပ်တော် (အေအေ) ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ပြန်လည်ဖမ်းဆီးတာတွေ ရှိလာနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024