Home
မြန်မာသတင်း
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မိုးကုတ်မြို့တွင် ကျောက်စာတောင်ပြိုကျပြီး လူ ၁ ဦးပိတ်မိနေ
DVB
·
July 26, 2022
295979447_612551740382968_7515714355164590447_n

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မြေမဲရွာအနီး ကျောက်မျက်တွင်းမှာ ကျောက်စာတောင်ပြိုကျပြီး အသက် ၄၅ နှစ်အရွယ် အမျိုးသားတယောက်  ပိတ်မိနေတယ်လို့ ဒေသခံ ကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။

မိုးကုတ်မြို့က ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဇူလိုင် ၂၅ ရက် မနက် ၉ နာရီဝန်းကျင်ကစပြီး ညပိုင်းအထိ ကယ်ဆယ်ရေးတွေလုပ်ဆောင်နေပေမဲ့ ပတ်မိနေသူကို ကယ်ထုတ်ဖို့ အခက်အခဲရှိနေဆဲဖြစ်ပါတယ်။

ကယ်ဆယ်ရေးမှာပါဝင်တဲ့ ဒေသခံတဦးက "တွင်းက ရေတွင်း လေးထောင့်လိုမျိုး၊ တွင်းကို လေးပင်ရိုက်ဆင်းတာ၊ လေးပင်လည်သွားပြီး တွင်းဝမှာရှိတဲ့သူက အောက်ထဲပါသွားတယ်။ အခုထိတော့ ကယ်နေတုန်းပဲ။ ကယ်ရတာလည်းခက်တယ်။ အထဲကနေ ပိတ်မိသူက အသံပြန်ပေးတယ်" လို့  ပြောပါတယ်။ 

မိုးကုတ်မြို့မှာ ဇူလိုင် ၂၄ ရက်က စတင်ပြီး မိုးနှစ်ရက်ဆက်တိုက်ရွာသွန်းတာကြောင့် မြေက မငြိမ်ပဲ ကယ်ဆယ်ရေးလုပ်ငန်း ခက်ခဲနေပြီး မနေ့ညနေ ၅ နာရီကျော်ထိ ကယ်ဆယ်လို့မရသေးဘူး လို့ ကယ်ဆယ်ရေးလုပ်နေသူက ပြောပါတယ်။ 

မိုးကုတ်မြို့ဟာ ကျောက်မျက်တူးဖော်ရေးကို အဓိကထား လုပ်ဆောင်တဲ့မြို့ဖြစ်တာကြောင့် မြို့ရဲ့ကျောက်မျက်ထွက်တဲ့နေရာတွေမှာ ကျောက်တူးကြပြီး မြေကိုသေချာပြန်မဖို့တာကြောင့် မိုးရွာသွန်းတဲ့အခါ မြေကအောက်နိမ့်ဆင်းပြီး ပြိုရတာဖြစ်တယ်လို့ မိုးကုတ်မြို့ရဲ့ မြေအခြေအနေကို ဘူမိဗေဒပညာရှင်တဦးက ပြောပါတယ်။ 

"မိုးကုတ်မြေက ကျောက်တူးတာတွေများပြီး အောက်ကမြေတွေကို ကလိုင်ပေါက် ဖောက်ထားတာကြောင့် မြေပြိုတာများတာ။ တချို့ဆို လေးပင်တူးပြီးပြန်ဖို့လည်း အရင်လို မြေသားမကျစ်နိုင်လို့လေ။ အဲ့ဒါကြောင့် မြေနိမ့်သွားတာတို့၊ မြေပြိုတာတို့ရှိတာ။ တူးတဲ့သူတွေများတဲ့အတွက်ကြောင့် ပြန်ဖို့ရင်လည်း စနစ်တကျမဖို့လို့ မြေပြိုရတာ။”

မန္တလေးတိုင်း မိုးကုတ်မြို့လို့  ကုန်းတွင်းပိုင်းဒေသတွေမှာ ရွာသွန်းတဲ့ မိုးရေချိန်ပမာဏဟာ တဖြည်းဖြည်း တိုးလာနေပြီး မုတ်သုန်ကာလမှာ ရွာသွန်းတဲ့ မိုးရေချိန်ဟာ ဆယ်စုနှစ် တစ်ခုတိုင်းမှာ  ၃၁ မီလီမီတာတိုးလာနေကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ အချက်အလက်အရ သိရတယ်။

မိုးကုတ်မြို့မှာ မိုးရွာသွန်းမှုများတဲ့အခါ လမ်းပြိုတာတွေ၊ အိမ်ပြိုပြီး လူပိသေဆုံးတာတွေအပြင် ကျောက်မျက်တွင်းတွေမှာ မြေပြိုတာကြောင့် သေဆုံးသူတွေလည်း နှစ်တိုင်းရှိနေပါတယ်။ မိုးကုတ်မြို့မှာ ၂၀၀၈ ခုနှစ်တုန်းကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၁ ယောက် သေဆုံးခဲ့တယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024