ဒီမိုကရေစီလိုလားသူတွေနဲ့ အတိုက်အခံ ခေါင်းဆောင်တွေကို မြန်မာစစ်အာဏာရှင်က ကွပ်မျက်ခဲ့တာဟာ ပြစ်တင်ရှုတ်ချဖွယ်ကောင်းတဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး မတရားဖမ်းဆီး ထိန်းသိမ်းထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အီးယူနဲ့ နိုင်ငံ ၈ နိုင်ငံက ဇူလိုင် ၂၅ ရက်မှာ ပူးတွဲ တောင်းဆိုလိုက်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ ၄ ဦးကို မြန်မာစစ်အာဏာရှင်က သေဒဏ်ပေးကွပ်မျက်လိုက်တဲ့အပေါ် အီးယူအထူးကိုယ်စားလှယ်နဲ့ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ ကိုးရီးယား၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ပြင်းထန်စွာ ရှုတ်ချကြောင်း ပူးတွဲထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အတိုက်အခံ ခေါင်းဆောင်တွေကို ကွပ်မျက်တာဟာ ပြစ်တင်ရှုတ်ချဖွယ်ကောင်းတဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဥပေက္ခာပြု လျစ်လျူရှုထားတဲ့ စစ်အာဏာရှင်ရဲ့ လုပ်ရပ်ကို ပိုပြီး ထင်ဟပ်စေတယ်လို့ဆိုပါတယ်။
မတရားဖမ်းဆီး ထိန်းသိမ်းထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ ဖမ်းဆီးထိန်းသိမ်းခံရသူတွေနဲ့ မိသားစုဝင်တွေကို လွတ်လပ်စွာ တွေ့ဆုံခွင့်ပြုဖို့၊ အကြမ်းဖက်မှုတွေကို ထပ်မံကျူးလွန်ခြင်းမပြုဘဲ တွေ့ဆုံညှိနှိုင်းခြင်းမှတဆင့် ငြိမ်းချမ်းရေးကို ရှာဖွေဖို့အတွက် အာဆီယံ သဘောတူညီချက် ငါးရပ်ကို အကောင်ထည်ဖော်ဖို့ မြန်မာ စစ်အာဏာရှင်ကို တိုက်တွန်းထားပါတယ်။
လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို လိုလားတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ထောက်ခံအားပေးလျက် အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ဖို့ ပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေကို လေးစားဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာဖို့လည်း အာဏာသိမ်း စစ်တပ်ကို ကမ္ဘာ့နိုင်ငံတွေက တိုက်တွန်းထားပါတယ်။
မတရားသဖြင့် ကွပ်မျက်ခံရသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ ထပ်တူ လွန်စွာ ဝမ်းနည်း စိတ်မကောင်းဖြစ်မိကြောင်းနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဆုံးရှုံးသွားတဲ့ အသက်တွေအတွက် အစဉ်အမြဲ အောက်မေ့သတိရနေမယ်လို့ နိုင်ငံခြားရေး ဝန်ကြီး တွေရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။