ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်တိုက်နယ် မြသီတာရပ်ကွက်က ကိုအောင်စိုးသူ(ခ) ကိုစိုးစိုးကို ထားဝယ်ထောင်တွင်းတရားရုံးက ဇူလိုင် ၂၁ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူ့ကို ဇန်နဝါရီ ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက မြသီတာရပ်ရပ်ကွက်ရှိ နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့အကြမ်းဖက်မှုပုဒ်မ စုစုပေါင်း ပုဒ်မနှ စ်ခုနဲ့ တရားစွဲဆိုခဲ့ကာ ကံပေါက်နယ်မြေရဲစခန်းမှာ တလနီးပါး ထားရှိပြီးနောက် ထားဝယ်အကျဥ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။
ကိုအောင်စိုးသူကို ၆ လနီးပါးကြာ စစ်ဆေးပြီးနောက် အခုလို အမိန့်ချမှတ်ခဲ့တာလို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
အသက် ၃၇ ဝန်းကျင်ရှိသူ ကိုအောင်စိုးသူဟာ အရင်ကတည်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့ကလည်း ကံပေါက် ရွာသား လေးဦးဖြစ်တဲ့ ဦးအောင်စိုး၊ ဦးပြည်စိုး၊ ကိုသက်ကိုဦး၊ မမြတ်မြတ်တို့ကို ထောင်ဒဏ် ၂ နှစ်စီနဲ့ ကိုဖြိုးအောင်စိုး(ခ)ကိုငယ်လေးကိုလည်း ဇွန် ၂၇ ရက်နေ့က ထောင်ဒဏ် ၅ နှစ် ထားဝယ်ထောင်တွင်းတရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။