ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ လူစုရုံးခွင့်နဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်မှူးတွေက သူတို့မြို့နယ် နယ်နိမိတ်ထဲမှာ လူတချို့ဟာ အများပြည်သူတို့ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေဖို့ ပြုမူဆောင်ရွက်နေတာ တွေ့ရတယ် ဆိုပြီး အမိန့်စာမှာ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ လမ်းမတော်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နဲ့ သံလျင်မြို့နယ်တို့မှာ လူ ၅ ယောက် ဒါမှမဟုတ် ၅ ယောက်ထက် ပိုတဲ့လူတွေဟာ လမ်းတွေ၊ ဥယျာဥ် ဒါမှမဟုတ် အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ မစုဝေးကြဖို့၊ ည ၁၂ နာရီကနေ မနက် ၄ နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်တာပါ။
စုဝေးတာ၊ ဟောပြောတာ၊ ယာဥ်တမျိုးမျိုးနဲ့ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်တာ ၊ လှုံ့ဆော်ဆန္ဒပြတာ၊ ဖျက်ဆီး၊ ရုန်းရင်းဆန်ခတ်တာတွေ မလုပ်ဖို့လည်းတားမြစ်ထားပါတယ်။
ဒီအမိန့်တွေကို ဇူလိုင် ၂၂ ရက်စွဲနဲ့ ထုတ်ပြန်တာဖြစ်ပြီး နောက်ထပ် အမိန့်တစုံတရာ မရမချင်း အတည်ဖြစ်စေရမယ်လို့လည်း ဆိုပါတယ်။