ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ အပါအဝင် ၄ ဦးကို စစ်ကောင်စီက ပြစ်ဒဏ်စီရင်တဲ့ကိစ္စကို ဒီနေ့ ဇူလိုင် ၂၅ ရက်နေ့ ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သိရှိသွားပြီး စိတ်နှလုံးညှိုးနွမ်းနေကြောင်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ဘယ်သိထားမလဲ အန်တီက။ ဒီနေ့မှ သိရတာပေါ့။ ဒီနေ့မနက်မှ သိတာ။ ပြောမယ့်သူ ရှိတာပေါ့။ ဘယ်သူမဆို စိတ်မကောင်းဖြစ်ရတဲ့ ကိစ္စလေ” လို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
သေဒဏ်ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ယောက်ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြစ်ဒဏ်စီရင်ခဲ့ပြီး ဖြစ်တယ်လို့ ဇူလိုင် ၂၅ ရက်ထုတ် သတင်းစာတွေမှာ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီအပါအဝင် ၄ ယောက်ကို အကြမ်းဖက် စစ်ကောင်စီက သေဒဏ်ချမှတ်တဲ့အပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာသံရုံးတွေ၊ အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဆန့်ကျင်နေကြချိန်မှာပဲ စစ်ကောင်စီက ခုလိုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။