မကွေးတိုင်း၊ ဆောမြို့နယ်ကျောက်ထုဒေသမှာ ဇူလိုင် ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ကျောက်ထု-PDF(YRPA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကျောက်ထု-PDF တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ကျောက်ထုမြို့ဘက်ကနေ တပြင်းကျေးရွာဘက်ကို စစ်ကောင်စီတပ် အင်အား ၁၂၀ လောက်ဟာ ဇူလိုင် ၂၃ ရက် ညနေ ၅နာရီလောက်က တပြင်းရွာကို မရောက်ခင် ပုံညာအရောက်မှာ ကျောက်ထု-PDF ကထောင်ထားတဲ့ တိုက်မိုင်းအကြီး ၄ လုံး ဆက်တိုက်မိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်လောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ထု-PDFရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရန်ကင်းက ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးဒဏ်ရာရသူများပြားလို့ အဲဒီနေ့ ညနေပိုင်းမှာ ဒဏ်ရာရသူတွေကို စစ်ကောင်စီတပ်က ဖောကားနဲ့ လာသယ်သွားတယ်လို့ သိရပြီး အရေအတွက်ကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။
“ဇူလိုင်လ ၂၄ ရက် နေ့လယ်ပိုင်းက ပုံညာမှာ ကျနော်တို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ အပြန်အလှန် ထိတွေ့တိုက်ပွဲ ၁ နာရီလောက်ဖြစ်ပွားခဲ့တယ်။ ဒီနေ့တိုက်ပွဲမှာတော့ စစ်(...)တွေဘက်က သေဆုံး ထိခိုက်သူ အရေအတွက်ကို မသိရသလို ကျနော်တို့ဘက်က ရဲဘော်တွေကတော့ အထိအခိုက် အကျအဆုံးမရှိခဲ့ဘူး”လို့ ဗိုလ်ရန်ရှင်းက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။