မြန်မာနိုင်ငံ မြို့နယ်အချို့ကနေ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ တဦး ကျပ် ၁ဝ သိန်းယူကာ အလုပ်လုပ်ဖို့ ပို့ဆောင်ပေးမယ်ဆိုပြီး မြဝတီကို လိမ်လည်ခေါ်ဆောင်လာတဲ့ ပွဲစား ၅ ယောက်ကို သက်ဆိုင်ရာက ဇူလိုင် ၂၄ ရက်က ဖမ်းဆီးလိုက်တယ်လို့ မြဝတီမြို့အခြေစိုက် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့က ပြောပါတယ်။
အဆိုပါပွဲစားတွေဟာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MOU) စနစ်နဲ့ ထိုင်းဘက်ပို့မယ်ဆိုပြီး အလုပ်သမား ရာချီအား လိမ်လည်ခေါ်ဆောင်လာပြီးနောက် မြဝတီမြို့အမှတ် ၁ ရပ်ကွက်က နေအိမ် အခန်းတွေထဲမှာ ရက်ကြာရှည် ထားရှိတယ်လို့ ဆိုပါတယ်။
အဲဒီ လူလိမ်ပွဲစား ၅ ယောက်ကို မြဝတီမြို့ အလုပ်သမားစောင့်ကြည့်ရေးအဖွဲ့ရဲ့ တိုင်ကြားချက်အရ မြဝတီမြို့မရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ နေအိမ်အခန်းတွေထဲမှာ ရွှေ့ပြောင်းအလုပ်သမား ၈၀၀ လောက် တွေ့ရှိပြီး ရဲစခန်းကို ခေါ်ဆောင်စစ်ဆေးခဲ့ကာ ဖမ်းဆီးရမိတဲ့ လူလိမ်ပွဲစား ၅ ယောက်အား အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ အလုပ်သမားစောင့်ကြည့်ရေးအဖွဲ့ဥက္ကဋ္ဌက ပြောပါတယ်။
လိမ်လည်ခေါ်ဆောင်ခံရသူတွေကတော့ တောင်တွင်းကြီး၊ တောင်ငူအပါအဝင် မြို့နယ်တချို့က ဖြစ်ပြီး တချို့က ၁ လနီးပါးနဲ့ တချို့ကတော့ ရက် ၂၀ လောက်ရှိပြီဖြစ်ပြီး ဖြစ်သလို နေထိုင်စားသောက်နေကြရတယ်လို့ သိရပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်း-မြန်မာနယ်စပ် မြဝတီကနေ ထိုင်းနိုင်ငံဘက် တရားမဝင် အခကြေးငွေယူ ပို့ဆောင်ပေးနေတဲ့ ပွဲစားတွေကို မကြာခဏ ဖမ်းဆီးမိနေတာလည်း ဖြစ်ပါတယ်။