Home
မြန်မာသတင်း
ကနီမြို့နယ်တွင် စစ်တပ် ရေယာဉ် ၂ စင်း ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
July 23, 2022
0000000000000

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့  ရေယာဉ် ၂ စင်းကို ‌ဇူလိုင် ၂၂ ရက် ညနေ ၃ နာရီလောက်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ Chindwin GZ Defense Force (CGDF) က ထုတ်ပြန်ပါတယ်။

မုံရွာမြို့အလုံတိုက်နယ်ရှိ မင်းထောင့်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကို ဆန်တက်လာတဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေးကင်းလှည့် Gun Boat တစ်စင်း နဲ့ ရိက္ခာတင် ဖလက်ရေယာဉ်တစ်စင်းတို့ကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Chindwin GZ Defense Force မှ တာဝန်ရှိသူတစ်ဦးက  "အဲ့ဒီရေယာဉ် ၂ စင်းက မင်းထောင့်ဆိပ်ကမ်းကနေ နေ့လယ်  ၁ နာရီလောက်က ဆန်တက်လာတာ။ ဖလက်ပေါ်မှာက ရိက္ခာနဲ့ စစ်ကူအင်အားတင်လာတယ်။ ကျန်တစ်စင်းက စစ်သုံးလုံခြုံရေးကင်းလှည့် Gun Boat ဖြစ်တယ်။ ကနီမြစ်ကြောင်းဘက် ဆန်တက်လာတော့ ကျနော်တို့က ကမ်းပေါ်ကနေ စောင့်ပြီးပစ်ခတ်ကြတာ သူတို့ဘက်ကလည်း ရေယာဉ်ပေါ်ကနေ အတွဲလိုက်ပြန်ပစ်တယ်။ ရန်သူဘက်က အထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အတိကျမသိရသေးဘူး၊ စုံစမ်းနေဆဲပါ ။ ကျနော်တို့ တပ်ဖွဲ့တွေကတော့ အထိခိုက်တစုံတရာမရှိခဲ့ပါဘူး " လို့ ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ ရေယာဉ် ၂ စင်းဟာ ကနီမြို့နယ်မရောက်ခင် ယင်းမာပင်မြို့နယ်ဘက်ရှိ ကျောက်မှော်ကျေးရွာအနီးကစတင်ပြီး ‌ရေလမ်းတလျှောက် ဘေးဝဲယာကိုလည်း ရမ်းသန်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့က ကနီမြို့နယ်ရှိ တဇယ်ချောင်၊ ငါးဖျက်နဲ့ ပန်းဆိုင်ကျေးရွာဘက်တွေမှာလည်း ကုန်းကြောင်းကနေ တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။

ကနီမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေကလည်း ချင်းတွင်းမြစ်ကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ရေယာဉ်အုပ်စု ၁၃ စင်းနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ရေယာဉ် ၁ စင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024