စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ ဇူလိုင် ၂၁ ရက် မနက် ၄ နာရီလောက်က အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက နောဂုန်ရွာစာသင်ကျောင်းနဲ့ ကန်လည်ကြီးကျေးရွာရှိ လူနေအိမ် ၃၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။
ဒေသခံရွာသားတယောက်က “မနက် လေးနာရီလောက် စစ်ကြောင်းတက်လာတယ်။ ကန်လည်ကြီးရွာက အိမ်ခြေ လေးဆယ်ဝန်းကျင်ရှိတာ ဆယ်အိမ်လောက်ပဲကျန်တယ်၊ အိမ်ပေါင်း သုံးဆယ်နီးပါး မီးလောင်သွားတာပေါ့၊ ပြီးတော့ နောဂုန်ရွာဘက်ကို တက်သွာပြီး စာသင်ကျောင်း တစ်ခုမီးရှိခဲ့တယ်”လို့ ပြောပါတယ်။
ကန်လည်ကြီးကျေးရွာနဲ့ နောဂုန်ရွာက ပြည်သူတွေဟာ စစ်ကောင်စီ စစ်ကြောင်းတက်လာတာကြောင့် နီးစပ်ရာကျေးရွာတွေမှာ ကြိုတင်တိမ်းရှောင်နေခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ဘေးရှောင်ရွာသားတွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အကူအညီလိုအပ်နေပါတယ်။
မီးရှို့ခံရတဲ့ ကျေးရွာနှစ်ရွာဟာ ကောလင်းမြို့ကနေ သုံးမိုင်လောက်စာ ဝေးကွာတဲ့ နေရာမှာ ရှိပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ရွာမီးရှို့ပြီးနောက် ကောလင်းမြို့ထဲကိုပြန်ဝင်သွားပြီးလို့ ဒေသခံက ပြောပါတယ်။
ကောလင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းတွေ ခွဲပြီး စစ်ကြောင်းထိုးလေ့ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏထိတွေ့တိုက်ပွဲဖြစ်လေ့ရှိပါတယ်။ ဝန်းသိုမြို့နယ် ထောက်ကြံတောရွာမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။