Home
မြန်မာသတင်း
ရွေးကောက်ပွဲအမှုနှင့် ပတ်သက်ပြီး ပြည်ထောင်စု၀န်ကြီး ဦးမင်းသူကို စစ်ဆေး
DVB
·
July 22, 2022
513370-U-Min-Thu-730x365

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မလျော်သြဇာလွှမ်းမိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ပြည်ထောင်စု၀န်ကြီး ဦးမင်းသူကို   ဇူလိုင်လ ၂၂ ရက်နေ့က နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် အလျော်သြဇာလွှမ်းမိုးခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ရာဇတ်ကြီးပုဒ်မ ၁၃၀-က နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီနေ့ရုံးချိန်းမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူကို စစ်ဆေးခဲ့ပြီး နောက်အပတ်ရုံးချိန်းမှာ ဦးမင်းသူရဲ့ သက်သေတွေကို စစ်ဆေးမယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဦးမင်းသူရဲ့ သက်သေတွေအဖြစ် ဒေါက်တာမျိုးအောင်(နေပြည်တော်အချုပ်ထောင်)၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေး(ပုဒ်မ ၁၃၀(က) နဲ့ ရမည်းသင်းထောင်)၊ ဥတ္တရသီရိလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင် (ရမည်းသင်းထောင်)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ(နေပြည်တော်အချုပ်ထောင်) တို့ လေးဦးကို စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီရွေးကောက်ပွဲအမှုနဲ့ပတ်သက်လို့ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်(Case Management Program) အရ ပြီးခဲ့တဲ့ ရုံး ချိန်းတွေမှာ နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ဆေးခဲ့ပြီး သူတို့အနေနဲ့ စစ်ကောင်စီက စွပ်စွဲထားသလို မလုပ်ဆောင်ခဲ့တဲ့အတွက် အပြစ်မရှိဘူးလို့ ထွက်ဆိုထားကြပါတယ်။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက အပြတ်အသတ် အနိုင်ရခဲ့ပြီး စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီကရှုံးနိမ့်သွားပြီးနောက် ဖေဖော်ဝါရီ  ၁ ရက်နေ့မှာ စစ်တပ်က မဲစာရင်းအကြောင်းပြပြီး တရားမဝင် အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024