ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်ညကဖြစ်ပွားခဲ့တဲ့ EPC ရုံးဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဒေသခံ ပြည်သူ ၅ ယောက်လောက်ကို ဖမ်းဆီး ထားပါတယ်။
EPC ရုံးဟာ အဝေးထိန်းစနစ်နဲ့ ဗုံးခွဲခံခဲ့ရတာဖြစ်ပြီး အဲ့ဒီညပိုင်းမှာတင် စစ်ကောင်စီတပ်သားတွေက ရုံးနားမှာတွေ့တဲ့ အမျိုးသား ၁ ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“အဲ့ညမှာတင် တွေ့တဲ့သူကိုဖမ်းတာ။ ဘာမှကိုပြောခွင့်မပေးတာ။ ကားပေါ်တင်သွားတာ မနက်ကျတော့ စစ်ဆေးရေးဂိတ်ဖြတ်လာတဲ့ လူငယ် ၂ ဦးကိုဖမ်းတယ်။ ရွာတွေဘက်မှာလည်းဖမ်းတာရှိတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီက ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးသွားတဲ့သူတွေကို ဘယ်နေရာကိုဖမ်းဆီးသွားတယ် ဘာအမှုနဲ့ အရေးယူထားတယ်ဆိုတာ မသိရသေးသလို မိသားစုဝင်တွေနဲ့လည်း အဆက်သွယ်မရသေးဘူးလို့ ဆိုပါတယ်။
EPC ရုံးကို ဗုံးဖောက်ခွဲတာဟာ မီတာခ အတင်းကြပ်ကောက်ခံတာတွေ မီတာဖြုတ်တာတွေ ရပ်တန့်အောင် သတိပေးဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ဧရာဝတီဒေါင်းတမာန်အဖွဲ့က ထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီက မဆိုင်တဲ့ပြည်သူတွေကို ဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောဆိုပါတယ်။