ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီက လှည့်ကင်းတွေမှာလိုက်ပါဖို့အတွက် ဒေသခံပြည်သူတွေကို နေ့စားပေးခေါ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ရဲတွေနဲ့အတူ ကင်းလှည့်ရာမှာ လိုက်ပါဖို့အတွက် ကျပ် ၁၅,၀၀၀ နဲ့ ဂိတ်ကင်းတွေမှာ စောင့်ပေးပါက ၈၀၀၀ ပေးပြီး ဒေသခံပြည်သူတွေကို နေ့စားသဘောမျိုး ငှားရမ်းနေတာလို့ ဆိုပါတယ်။
ဒေသခံတဦးက “ကားပေါ်မှာ ထိုင်လိုက်ပေးရင် ၁၅၀၀၀ ပေးမယ် ပြောတယ်၊ သေနတ်တော့ ထုတ်ပေးတယ်၊ ကျည်မပါဘူး။ စစ်ဆေးရေးဂိတ်မှာ နေရင်တော့ ၈၀၀၀ ရမယ် ပြောတယ်၊ အဲဒီလိုမျိုးခေါ်နေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့အတူ လှည့်ကင်းလိုက်ဖို့အတွက် နေ့စားခေါ်ယူတာတွေကို စစ်ကောင်စီ သတင်းပေးတွေနဲ့ ရဲသတင်းပေးတွေက လူရှာပေးနေတာလို့ ဆိုပါတယ်။
ပုသိမ်မြို့မှာရှိတဲ့ မိုးလေဝသအဝိုင်းပတ်နဲ့ မြို့အဝင်စစ်ဆေးရေးဂိတ်မှာ ညနေ ၆ နာရီကနေ ၈ နာရီအထိ စောင့်ပေးပါက ပိုက်ဆံ ၈၀၀၀ ပေးမယ်ပြောဆိုပြီး ကင်းစောင့်ဖို့အတွက် လူခေါ်တာမျိုးတွေ လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။