စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက်၊ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်းတခုဖြစ်တဲ့ ရိန်းဂျား ကလေးကာကွယ်ရေးတပ်ဖွဲ့က ရန်ပုံငွေအတွက် ပေ ၄၀၊ ၁၀၀ အကျယ်ရှိတဲ့ အိမ်ဝိုင်းမြေကွက်ကို ကံစမ်းမဲတစောင် ၂၀၀၀၀ ကျပ်နဲ့ လက်မှတ်ရောင်းချနေတယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
“ဘဏ္ဍာရေးအခြေအနေ ဆိုးရွားနေတဲ့အတွက် မိဘဘိုးဘွားပိုင် အိမ်ဝိုင်းကွက်အား မဲစနစ်နဲ့ ကံစမ်းမဲ လုပ်ရခြင်းဖြစ်တယ်။ ကျနော်တို့ Local PDF ဟာ ပြည်သူလူထုထောက်ပံ့မှု တခုတည်းနဲ့ ရပ်တည်နေတာကြောင့် တော်လှန်ရေး ရေချိန်မြင့်ချိန်မှာ လက်နက်အင်အား၊ ကျည်အင်အား ဖြည့်တင်းဖို့ ရန်ပုံငွေ လိုအပ်နေပါတယ်။ ဒါကြောင့် မိဘဘိုးဘွားပိုင် ဂရန်အမည်ပေါက် အိမ်ဝိုင်းအား ကံစမ်းမဲ စနစ်ပြုလုပ်ကာ ရောင်းချခြင်းဖြစ်ပါတယ်" လို့ ရိန်းဂျာတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
မြေကွက်ကံစမ်းမဲအား အစောင် ၃၀၀၀ ပြည့်တဲ့ အချိန်မှာ ပွင့်လင်းမြင်သာမှုရှိစွာ မဲဖောက်ပေးပြီး မဲပေါက်တဲ့ ပြည်သူအား စာရွက်စာတမ်းအပြည့်အစုံနဲ့ လွှဲပြောင်းပေးအပ်သွားမှာဖြစ်ကြောင်း၊ မဲဖောက်ပေးတဲ့ မြေကွက်ဟာ တိုင်းတတိုင်းက မြို့ပေါ်ရပ်ကွက်နေရာကောင်းမှာဖြစ်ပြီး မြေကွက်တည်နေရာ အတိအကျကိုတော့ လုံခြုံရေးအခြေအနေရ ပြောမရသေးဘူးလို့ ဆိုပါတယ်။
ယခင်ကပြုလုပ်ခဲ့တဲ့ "တော်လှန်ရှုတင်" ဟာ လက်မှတ်ရောင်းချရမှု အားနည်းတာ၊ ရန်ပုံငွေ မရရှိတာတွေကြောင့် အချိန်ကာလတခုအထိ ယာယီရပ်နားထားမည်ဖြစ်ကြောင်း "တော်လှန်ရှုတင်" လက်မှတ် အားပေးထားသော မိဘပြည်သူများအား အထူးတောင်းပန်အပ်ကြောင်း၊ အခုကံစမ်းမဲ ကာလပြီးပါက "တော်လှန်ရှုတင်" လက်မှတ်တွေကို ပုံစံတမျိုးနဲ့ ပြန်လည်ရောင်းချသွားမယ်လို့ သိရပါတယ်။
မြေကွက်ကံစမ်းမဲဝယ်ယူလိုတဲ့ မိဘပြည်သူတွေအနေနဲ့ Ranger Kalay Defend Forceရဲ့ Facebook စာမျက်နှာကနေတဆင့် ဝင်ရောက်ဆက်သွယ် ဝယ်ယူမေးမြန်းနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။