မကွေးတိုင်း စလင်းမြို့နယ်မှာ ဇူလိုက် ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပွင့်ဖြူပြောက်ကျားအင်အားစု PP-UG က ပြောပါတယ်။
စလင်းမြို့နယ် အနောက်ဘက် ခင်ပလူရွာနားမှာ ဇူလိုင်လ ၂၀ မနက် ၅ နာရီလောက်မှာ ကျေးလက်လမ်းကနေထွက်လာတဲ့ စစ်ကောင်စီ ဖောကား ၂ စီးကို PP-UGနဲ့ စလင်းတောင်ပိုင်း SL-PDF တို့ပူးပေါင်းပြီး လက်နက်ကြီးနဲ့ ၃ ချက် ပစ်ခတ်ခဲ့တယ်လို့ PP-UG ရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်အိုးဝေ က ဒီဗွီဘီကိုပြောပါတယ်။
“ကျနော်တို့ဘက်က ပစ်လိုက်တာ ထိတော့ထိတယ်။ ဖောကားတစ်စီးနောက်ကို ပြန်ဆုတ်သွားတယ်။ စစ်(...)တွေ ဘယ်လောက်ထိခိုက်သေဆုံးတယ်ဆိုတာကိုတော့ အတိကျမသိရသေးဘူး။ ကျနော်တို့ဘက်က ရဲဘော်တယောက်ကတော့ လက်ကိုကျည်ဆန်ထိမှန်ပြီး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်။”
ဒါ့အပြင် ခင်ပလူလမ်းကြောမှာပဲ ဒီနေ့ ဇူလိုင် ၂၁ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ခြေလျင် စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၅၀ လောက်ပါ စစ်ကောင်စီကြောင်းကို ဗဒေသာမိုင်း ၄ လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးသူ များပြီး အရေတွက် ဘယ်လောက်သေတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဗိုလ်အိုးဝေ ကပြောပါတယ်။
“စစ်(...)တွေက ကျနော်တို့တပ်ဖွဲ့တွေရှိတဲ့နေရာတွေကို အင်အား အလုံးရင်းနဲ့ စစ်ကြောင်းထိုးလာလို့ စခန်းစွန့်ပြီး ဘေးကင်းတဲ့ နေရာတွေကို ဆုတ်ခွာခဲ့ရတယ်။ အခုလက်ရှိအခြေနေမှာတော့ ဘေးကင်လုံခြုံတဲ့နေရာက မဟာမိတ်တွေဆီကို ရောက်နေပြီ။”
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် ခင်ပလူ၊ ဘာလ၊ ငလိုင်တွင်း ကျေးရွာတွေ အပါအဝင် ကျေးရွာ ၅ ရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်။
လက်ရှိ အဲဒီရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က ပိုက်စိတ်တိုက် မွှေနေပြီး ဒေသခံတွေကို ဖမ်းဆီးကား စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
PP-UG အနေနဲ့ လက်နက်ခဲယမ်းလိုအပ်ချက်တွေရှိနေသလို ကျေးရွာ ၅ ရွာက ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံပြည်သူတွေအတွက်လည်း သက်ဆိုင်ရာအဖွဲ့စည်းတွေက ချိတ်ဆက် လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။