ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာနေ ရွာသားနှစ်ယောက်ကို အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး စစ်တွေခရိုင်တရားရုံးက ဇူလိုင် ၂၀ ရက်နေ့က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ အိုင်ဒင်ကျေးရွာသား နှစ်ယောက်ကတော့ ကိုနေလင်းဌေး (၂၇ နှစ်) နဲ့ ကိုမောင်စောအေး (၃၃ နှစ်) တို့ ဖြစ်ကြပါတယ်။
အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေက “ဒီနေ့ရုံးချိန်းမှာ သူတို့နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ၅၂(က)နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်။ တရားစွဲတဲ့အခါ ပုဒ်မ ၅၀(ည)ရော ၅၂(က)ပါ စွဲထားပေမဲ့ ပုဒ်မ ၅၀(ည)မှာ ပြဋ္ဌာန်းထားတာတွေနဲ့ မငြိစွန်းတာကြောင့် ၅၂(က)နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာ ဖြစ်တယ်။ ချုပ်ရက်တွေကို တပေါင်းတည်း ထုတ်နုတ်ခံစားခွင့်တွေ ပေးတယ်။ သူတို့ကို ၅ ရက် ၃ လ ၂၀၂၀ ပြည့်နှစ်မှာ စတင်ဖမ်းဆီးခဲ့တာကြောင့် နောက်ထပ် ၆ လလောက်ပဲ ကျန်တော့တယ်” လို့ ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံလိုက်ရသူ နှစ်ဦးဟာ ၂၀၂၀ ပြည့်နှစ် မတ်လ ၅ ရက်က စစ်တွေကနေ့ အိုင်ဒင်ကျေးရွာသို့ ဆိုင်ကယ်နဲ့လာစဉ်မှာ စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးကို မတ်လ ၈ ရက်မှာ အမှတ် (၉၀၈)၊ အင်ဂျင်နီယာတပ်ရင်းက ဗိုလ်ကြီး အောင်ဖြိုးမြင့်က တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က) တို့နဲ့ စစ်တွေမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။