ကာတာနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတခုဖြစ်တဲ့ အော်ရီဒူးမြန်မာ ဆက်သွယ်ရေးကုမ္ပဏီဟာ မကြာခင်မှာပဲ မြန်မာနိုင်ငံနေ ထွက်ခွာတော့မယ်လို့ သတင်းရင်းမြစ် နှစ်ယောက်ကို ကိုးကားပြီး ရိုက်တာသတင်း တပုဒ်မှာ ဖော်ပြပါတယ်။
အော်ရီဒူးဆက်သွယ်ရေးကုမ္ပဏီဟာ ၂၀၂၀ ပြည့်နှစ် ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံမှာ သုံးစွဲသူ ၁၅ သန်းနီးပါးရှိတဲ့ တတိယအကြီးဆုံး ဆက်သွယ်ရေးအော်ပရေတာတခုဖြစ်ပြီး လတ်တလော သူတို့ရဲ့ ရှယ်ယာတွေအားလုံးကို ရောင်းချနိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကုမ္ပဏီကို လက်လွှဲပြောင်းဝယ်ယူဖို့ အလားအလာရှိနေတဲ့ ကုမ္ပဏီတွေထဲမှာ ရွှေသံလွင်ကုမ္ပဏီက ပိုင်ဆိုင်တဲ့ စကိုင်းနက် (Skynet) အပါအဝင် Young Investment Group နဲ့ စင်ကာပူ နိုင်ငံအခြေစိုက် အော်ပရေတာလုပ်ငန်း Campana Group တို့လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အော်ရီဒူးဘက်က မှတ်ချက်တစုံတရာ ပေးထားတာမျိုး မရှိသေးသလို အာဏာသိမ်းစစ်ကောင်စီနဲ့ ရှယ်ယာလွှဲပြောင်းဝယ်ယူဖို့ အလားအလာရှိတဲ့ ကုမ္ပဏီတွေဘက်ကရော တုံ့ပြန်ပြောဆိုတာတွေ မရှိသေးဘူးလို့ ရိုက်တာသတင်းက ပြောပါတယ်။
ဒါ့အပြင် ရိုက်တာက ဆက်သွယ်ခဲ့တဲ့ သတင်းရင်းမြစ်တွေက အော်ရီဒူးကုမ္ပဏီရဲ့ ရောင်းချမယ့် တန်ဖိုးတစုံတရာကို ပုဂ္ဂလိကလုံခြုံမှုအရ ပြောဆိုထားခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ ဆက်သွယ်ရေးကဏ္ဍဟာ အရင်က အာရှဒေသတွင်း အလျင်မြန်ဆုံး ကြီးထွားလာနေတဲ့ ဈေးကွက်တွေထဲက တခုဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဖိအားတွေနဲ့ ရင်ဆိုင် နေရတာဖြစ်ကာ အင်တာနက်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်သတ်ပြီး မိုဘိုင်းဒေတာတွေကို ပိတ်ပင်တာတွေနဲ့ ချိုးဖောက်မှုတွေလည်း ရှိလာနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းကတော့ နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောဆက်သွယ်ရေးကုမ္ပဏီက နုတ်ထွက်ခဲ့ပြီးနောက် အော်ရီဒူးဟာ ကျန်ရှိနေခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဆက်သွယ်ရေးကုမ္ပဏီတခု ဖြစ်ပါတယ်။
PHOTO-Ooredoo