အာဏာသိမ်းစစ်ကောင်စီက စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃၃ မြို့နယ်ကို မတ် ၃ ရက်နေ့ ည ၁၁ နာရီကစပြီး အင်တာနက် ဖြတ်တောက်လိုက်တယ်လို့ သိရပါတယ်။
ယင်းမာပင် PDF တာဝန်ရှိသူတဦးက “မနေ့က ည ၁၁ နာရီကစပြီး စစ်ကိုင်းတိုင်းရှိ ၃၃ မြို့နယ် အင်တာနက် ဖြတ်တောက်သွားတယ်။ MPT နဲ့ အော်ရီဒူးက အင်တာနက် လုံးလုံးမရတော့ဘူး။ တယ်လီနောကတော့ 2G တချက်တချက်ပေါ်တယ်။ အခုက PDF တွေရှိတဲ့ နေရာကို စစ်ကောင်စီက ထိုးစစ်ဆင်ဖို့ အင်တာနက်ဖြတ်လိုက်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ပြီး အကြမ်းဖက်မှုတွေ ပိုလုပ်လာမှာ ဖြစ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေ သတိထားရမယ်လို့ ဟုမ္မလင်း PDF တာဝန်ရှိသူတဦး ပြောပါတယ်။
"စစ်ကိုင်းတိုင်းက မြို့နယ်အားလုံးနီးပါးက သတင်းစီးဆင်းမှုတွေ နှေးကွေးသွားလိမ့်မယ်။ အကြမ်းဖက်တာတွေကို အရှိန်မြှင့်လုပ်လာလိမ့်မယ်။ ကျနော်တို့ ပြည်သူ့တပ်ဖွဲ့တွေအပါအဝင် ပြည်သူတွေ သတိထားနေရမယ်။”
စစ်ကိုင်းတိုင်းအတွင်း စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကလေးမြို့တို့ကလွဲပြီး ကျန်မြို့နယ်အားလုံးမှာ MPT၊ အော်ရီဒူးနဲ့ တယ်လီနော စတဲ့ ဆက်သွယ်ရေးမိုဘိုင်း အင်တာနက်လိုင်းအားလုံးကို စစ်ကောင်စီက ဖြတ်တောက်ခဲ့တာပါ။
စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေတာကြောင့် အခု အင်တာနက်တွေ ထပ်မံဖြတ်တောက်ပြီးပါက ပိုဆိုးလာဖို့ပဲရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။