စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီစုကျေးရွာကို ဇူလိုင် ၁၈ ရက်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေနဲ့ လာရောက်ဗုံးကြဲပြီးနောက် ရွာအပြင်ဘက်လယ်ကွင်းပြင်မှာ စစ်သားတွေလာချသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“လူတွေက အပေါ်က ဗုံးကြဲတော့ လွတ်ရာကို ထွက်ပြေးကြတော့ သူတို့ချထားခဲ့တဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ပြီး ရွာသားတွေကို ဖမ်းတော့တာပဲ။ လူ ၂၀၀ လောက်ကို ဖမ်းပြီး ရွာကဘုန်းကြီးကျောင်း တကျောင်းထဲကို အကုန်ခေါ်သွားတာ။ ဖမ်းခေါ်ပြီးတော့မှ ရွာကိုမီးရှို့တာ၊ အိမ်တွေတော်တော်ပါသွားတာပေါ့၊ ရွာမှာက ဗလီ နှစ်လုံးရှိတယ်၊ အစ္စလာမ်ဘာသာဝင် အိမ်ထောင်စု ၇၀၀ ကျော် လောက်ရှိတယ်။ ဗုဒ္ဓဘာသာ၀င် အိမ်ထောင်စုက ၂၀၀ စွန်းစွန်းရှိတယ်။ ဗလီက နှစ်လုံးလုံးက ဆောက်လုပ်ဆဲဖြစ်တယ်။ တလုံးက ပြီးတဲ့အနေအထားကိုရောက်နေပြီ၊ နောက်တလုံးက တ၀က်လောက်တော့ရောက်နေပြီ။ အဲ့ဒါကို ဘေးက အိမ်တွေကနေ ဗလီကိုမီးကူးတယ်လို့တော့ ကြားထားတယ်။ ဗလီဘယ်သူမှတော့ သွားမကြည့်ရဲသေးဘူး။ ဗလီဝင်းထဲက ဘာသာရေးစာသင်ကျောင်း နှစ်ကျောင်း မီးရှို့ခံရတယ်၊ ဖမ်းထားတဲ့ လူ ၂၀၀ လောက်ကိုတော့ ပြန်လွှတ်ပေးလိုက်ပြီ။ အဲ့ဒီအထဲက ဒေသခံ ၃ ယောက်ကိုတော့ PDF ဆိုပြီး သတ်လိုက်တယ်၊ အလောင်းတော့မတွေ့ရသေးဘူး။”
ကျီစုရွာက အိမ်ခြေ ၈၀၀ လောက်ရှိပြီး မီးလောင်သွားတဲ့ အိမ်အရေအတွက်ကတော့ အတိအကျမသိရသေးဘဲ ရာဂဏန်းလောက်တော့ ပါမယ်ထင်တယ်လို့ ဒေသခံက ဆက်ပြောပါတယ်။
“အခု ကျနော်တို့က ရွာအပြင်က လယ်ကွင်းတွေထဲမှာ ဖြစ်သလိုနေနေရတာ၊ ရွာက မီးလောင်နေတာတော့လှမ်းမြင်ရတယ်။ အထဲမှာက စစ်ကောင်စီတွေ ရှိနေသေးလား ပြန်သွားပြီလား မသေချာဘူးလေ၊ အခုဒီမှာလည်း ဖြစ်သလိုနေနေရတော့ စားရေးသောက်ရေး ခက်ခဲနေကြတာ။”
ကန့်ဘလူ–ခင်ဦးနယ်အစပ်ရှိ ခင်ဦးမြို့နယ် ငါးရုံကြီးရွာနဲ့ ရှားတောရွာတွေကိုလည်း ဇူလိုင် ၁၈ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဥ် ၂ စီးနဲ့ ပစ်ခတ်ခဲ့ပြီး ထောက်ပို့ ရဟတ်ယာဥ် ၃ စီးနဲ့ စစ်ကူချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က ကန့်ဘလူ–ခင်ဦးနယ်အစပ်ရှိ ကျေးရွာတွေကို စစ်ကြောင်း ၄ ကြောင်းဖြန့်ကာ ထိုးစစ်ဆင်နေတာကြောင့် ထောင်နဲ့ချီ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။