မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇူလိုင် ၁၉ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၃ ယောက်သေဆုံး၊ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ရေစကြိုမြို့နယ် ပျူရွာဖြစ်တဲ့ ဆင်ချောင်းရွာဘက်ကနေ ထွက်လာတဲ့ အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီကားတစီးကို သက်ရွာနားမှာ ဒီနေ့မနက် ၁၁ နာရီလောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ရေစကြိုမြို့နယ် ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကိုပြောပါတယ်။
“မိုင်းက ၅ လုံးဆွဲတာဗျ။ ၃ လုံးပဲ ကွဲလိုက်တယ်။ စစ်(...) ၃ ယောက်ကတော့ နေရာမှာတင် လဲကျပြီး ပွဲချင်းပြီး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်။”
ဒီကနေ့ကျရောက်တဲ့ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျဆုံခဲ့ရတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ နွေဦးတော်လှန်ရေးအတွင်းမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် ရည်စူးပြီး အခုလို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ရဲဘော်ဝေကြီးက ပြောပါတယ်။
စစ်ကောင်စီတပ်က ရမ်းသန်းပြီး ပြန်လည်ပစ်ခတ်ပေမယ့် ပကဖ ရဲဘော်တွေ ပြည်သူပို့သတဲ့ မေတ္တာကြောင့် အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ် ဗျည်းဘရွာမှာလည်း မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းက ရေစကြို ပ.က.ဖ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ကြလို့ စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်လို့ တပ်ဖွဲ့ဝင်တွေ သေဆုံး ဒဏ်ရာရရှိတဲ့အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။