တနင်္သာရီတိုင်း မြိတ်မြို့နယ်၊ ကင်းတပ်ကျေးရွာလမ်းဆုံမှာ ဇူလိုင် ၁၇ ရက်၊ ည ၇ နာရီလောက်က အိမ်စီးကားစီးနဲ့ ရောက်ရှိလာတဲ့ လက်နက်ကိုင် ပျူစောထီးအဖွဲ့ခေါင်းဆောင်း ဇူဘိုင်ဆိုသူနဲ့ နောက်လိုက်တဦး ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။
ပျူစောထီးခေါင်းဆောင် ဇူဘိုင်ဆိုသူကတော့ ဦးခေါင်းကျည်ဆန်ထိမှန်တဲ့အတွက် ပစ်ခံရတဲ့ နေရာမှာတင်သေဆုံးခဲ့ပြီး နောက်လိုက်ဖြစ်သူကတော့ မြိတ်မြို့ စစ်ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မြိတ်ခရိုင်)၊ တပ်ရင်း (၂) နဲ့ တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး မောင်းပြန်သေနတ်တလက်လည်း သိမ်းဆည်းရမိခဲ့တယ်လို့ တနင်္သာရီတိုင်း နန်းထိုက်အောင်စစ်ဆင်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
"ကျနော်တို့ တပ်ဖွဲ့ဝင်တွေစပစ်တာနဲ့ ကားက လမ်းဘေးချောက်ထဲကျသွားတယ်။ သူတို့ တချက်မှ ပြန်မပစ်လိုက်နိုင်ဘူး။ တယောက်က ခေါင်း၊ တယောက်က မျက်လုံးကို ထိတယ်။ အခုတိုက်ခိုက်မှု က နန်းထိုက်အောင်စစ်ဆင်ရေးရဲ့ စတုတ္ထမြောက် မစ်ရှင်ပါ။"
အဲဒီ ပျူစောထီးအဖွဲ့ဝင် နှစ်ဦးဟာ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာက ဖြစ်ပြီး အိမ်စီးကားနဲ့ ထွက်လာစဥ် အခုလို ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။
တနင်္သာတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မယ့် နန်းထိုက်အောင်စစ်ဆင်ရေးကို ဇူလိုင် ၁၃ ရက်နေ့ကစတင်ခဲ့ပြီး နှစ်ဖက်အကျအ ဆုံးလည်း ရှိနေပါတယ်။
စစ်ဆင်ရေးတာဝန်ရှိသူတွေကတော့ စစ်ဆင်ရေးဟာ မြို့ပေါ်ရော ကျေးလက်မှာပါ ဆက်ပြီး ဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးအဖွဲ့တွေ စခန်းချ နေထိုင်တဲ့ နေရာတွေနဲ့ ဝေးဝေးနေကြဖို့ မေတ္တာရပ်ခံထားပါတယ်။