ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံထားရှိတဲ့ နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းရဲ့ နိုင်ငံခြားငွေတွေအား မြန်မာကျပ်ငွေနဲ့ လဲလှယ်မယ့် စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင့် ပြည်တွင်းရှိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားနိုင်တယ်လို့ စီးပွားရေးသုတေသီတွေက ထောက်ပြ ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်တွေမှာ ဖွင့်လှစ်ထားတဲ့ နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းအထိ ပါဝင်တဲ့ မြန်မာကုမ္ပဏီတွေရဲ့ နိုင်ငံခြားငွေစာရင်းမှ လက်ကျန်ငွေကို မြန်မာကျပ်ငွေနဲ့ လဲလှယ်ဝယ်ယူတာကို ဒီကနေ့ ဇူလိုင် ၁၈ ရက်နောက်ဆုံးထား ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။
ညွှန်ကြားချက်အား လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၅ အရ အရေးယူဆောင်ရွက်သွားမည်လို့ ဆိုပါတယ်။
ဒါပေမယ့် စစ်ကောင်စီရဲ့ အခုလို ညွှန်ကြားချက်ဟာ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုတွေကို ထွက်ခွာသွားစေနိုင်တယ်လို့ စီးပွားရေးပညာရှင်တဦးက ပြောပါတယ်။
“အဲဒီလိုလုပ်လိုက်တော့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်သွားနိုင်တာပေါ့။ အမှန်တကယ်က ပြည်တွင်းမှာ အရင်းနှီးလိုနေတဲ့ လုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားသားတွေ၏ ၃၅ ရာခိုင်နှုန်း အရင်းအနှီးနဲ့ ပေါင်းပြီး ဖက်စပ်သဘောပေါ့၊ ခွင့်ပြုပေးထားတာ။ ဒါက ပြည်တွင်းလုပ်ငန်းရှင်တွေလည်း အကျိုးရှိ၊ နိုင်ငံခြားသားလည်း အကျိုးရှိမယ်ဆိုပြီး စဉ်းစားထားတာနော်။ ပြီးတော့ အခုလို အကျပ်အတည်း ဖြစ်နေတဲ့အချိန်မှာ နိုင်ငံခြားသားတွေကို ရှယ်ယာတွေ ပိုပြီးတော့တောင် ပေးလိုက်မယ်ဆိုရင် စွဲဆောင်မှု ပိုကောင်းတာပေါ့။ အဲဒီအစား အရင်ပေးထားတဲ့ ရှယ်ယာကို ဒေါ်လာနဲ့မထားရဘဲ ကျပ်နဲ့ ပြောင်းထားရမယ် ဆိုတော့ နိုင်ငံခြားသားတွေအတွက် ဆုံးရှုံးမှုက ပိုများလို့ ဘယ်သူက ဆက်လုပ်တော့မှာလဲ။”
စစ်ကောင်စီရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒအပြောင်းအလဲတွေကြောင့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်တွေအတွက် လုပ်သာ ကိုင်သာရှိတဲ့ စီးပွားရေးဝန်းကျင်ကောင်းကို ပျက်စီးစေပါတယ်။
စီးပွားရေးသုတေသီတဦးကလည်း “အခုဟာက တဖြည်းဖြည်းနဲ့ မူလီက တင်းတင်းလာတဲ့ သဘောရှိတယ်။ ဆိုလိုတာက စီးပွားရေးသမားတွေ လုပ်နိုင်ကိုင်နိုင်တဲ့ စီးပွားရေးဝန်းကျင် မရှိတော့ဘူးဆိုရင် သူတို့က လုပ်မှာ မဟုတ်တော့ဘူးနော်။ စီးပွားရေးသမားဆိုတာက ခဏလေးနဲ့ ဟိုပြောင်း ဒီပြောင်း လုပ်တဲ့အပေါ် မခံနိုင်ဘူး။ ဘာကြောင့်လဲဆို အားလုံးသိတဲ့ အတိုင်းပဲ။ ၆ လ၊ ၁ နှစ် ကြိုတွက်ပြီးတော့ လုပ်ရတာလေ။ သူတို့ တွက်ထားတာက ဒီပုံစံနဲ့ တွက်ထားတယ်။ ဒါပေမဲ့ ၆ လလောက်နဲ့ ပြောင်းသွားတယ်၊ ၃ လလောက်နဲ့ ပြောင်းသွားတယ်ဆိုရင် သူတို့အနေနဲ့ စီးပွားရေး လုပ်လို့ မရတော့ဘူး။ ဒီတော့ ရင်းနှီးမြှုပ်နှံမှုက အသစ်လာဖို့ မလွယ်တဲ့အပြင် လက်ရှိ လုပ်နေတဲ့ နိုင်ငံခြားသားတွေ ထွက်မသွားအောင် ထိန်းထားဖို့ ဆိုတာကလည်း မလွယ်ဘူးနော်” လို့ ဒီဗွီဘီကို ပြောပါတယ်။
၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလကနေ မေလအထိ ပထမ နှစ်လတာ ကာလအတွင်း မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်သာ ဝင်ရောက်ခဲ့တယ်လို့ စစ်ကောင်စီ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
ဧပြီလမှာ အမေရိကန်ဒေါ်လာ ၆ သန်း နီးပါးဝင်ရောက်ခဲ့ပြီး မေလမှာ အမေရိကန်ဒေါ်လာ ၉ သန်း ကျော်သာ ဝင်ရောက်ခဲ့တာပါ။ အဲဒီပမာဏဟာ ပြီးခဲ့တဲ့နှစ်တွေက ကာလတူအတွင်း ဝင်ရောက်မှုနဲ့ယှဉ်ရင် ဝင်ရောက်မှု အနည်းဆုံး ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ နာမည်ကြီးစီပွားရေး လုပ်ငန်းကုမ္ပဏီအတော်များများ မြန်မာနိုင်ငံက ထွက်ခွာသွားကြသလို စစ်ကောင်စီနဲ့ ပူးပေါင်းမလုပ်ဖို့နဲ့ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမမြှုပ်နှံကြဖို့လည်း ပြည်တွင်း ပြည်ပကနေ ဆော်ဩနေတာတွေလည်း ရှိနေပါတယ်။