ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးမောင်ဝိတ်က အလှူငွေ ဒေါ်လာတွေ ပေးအပ်ခဲ့တယ်ဆိုတဲ့ အဂတိအမှု ၂ မှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်သင့်၊ မသင့် ဇူလိုင် ၂၅ ရက်မှာ တရားရုံးက အမိန့်ချမယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
အဲဒီအမှု ၂ မှုအတွက် ဇူလိုင် ၁၈ ရက်က နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးမှာ လိုပြသက်သေ ဦးမောင်မောင်မြင့်ကို စစ်ဆေးခဲ့ပြီး တရားရုံးက အခုလို ရက်ချိန်း သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
တရားရုံးနဲ့ နီးစပ်သူတဦးက “ဦးမောင်ဝိတ်နဲ့ပတ်သက်တဲ့ အဂတိအမှု ၃ နဲ့ ၄ အတွက် လိုပြ သက်သေ တယောက်ဖြစ်တဲ့ ဦးမောင်မောင်မြင့်ကို စစ်တယ်။ ဦးမောင်မောင်မြင့်ကလည်း အဂတိ စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲ ပါတဲ့သူပဲဖြစ်ပါတယ်။ အဂတိစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ဦးရဲထက်က တော့ တရားလိုပေါ့။ ၃ ရော ၄ ရောက ဒေါ်လာလှူတဲ့ကိစ္စ တခုတည်းပါပဲ။ ဦးမောင်မောင်မြင့်ကို စစ်ပြီးတဲ့အခါမှာ စွဲချက် တင်သင့်၊ မသင့်ဆုံးဖြတ်ဖို့ သက်သေတယောက်ရှိသေးတယ်။ စွဲချက်တင်သင့်၊ မသင့်ကို နှုတ်နဲ့ လျှောက်လဲတာပေါ့။ လာမယ့် ဇူလိုင် ၂၅ ရက်နေ့ကြရင် စွဲချက်တင်သင့်မတင်သင့် အမိန့်ချမယ်”လို့ ပြောပါတယ်။
စွဲချက် တင်သင့်၊မသင့် ဇူလိုင် ၂၅ ရက်မှာ အမိန့်ချမယ့် အမှုတွေမှာ အမှုအမှတ် ၃ အဖြစ် ဒေါ်လာ ၂ သိန်းခွဲလှူတာနဲ့ အမှုအမှတ် ၄ မှာ ဒေါ်လာ ၃ သိန်းလှူတာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ဦးမောင်ဝိတ်ကတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူတယ်လို့ ထွက်ဆိုထားတာကြောင့် သူတို့ စွဲတာ မခိုင်လို့ အမှုတွဲ ချေဖျက်ပေးပါဆိုပြီး ပြီးခဲ့တဲ့ရုံးချိန်းတုန်းက တရားလွှတ်တော်ချုပ်ကို တင်ပြထားကြတယ်လို့ သူက ဆက်ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ဦးမောင်ဝိတ်နဲ့ဆက်စပ်တဲ့ အဂတိ ၂ မှုကို ဇူလိုင် ၁၃ ရက်မှာ ရှေ့နေအဖွဲ့က တရားလွှတ်တော်ချုပ်မှာ ချေဖျက်ခွင့်တင်ထားတာပါ။ အတိုင်ပင်ခံရဲ့ရှေ့နေ့အဖွဲ့က ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ - ၅၆၁ အရ အမှုတွဲ ချေဖျက်ခွင့် တင်တာဖြစ်ပြီး တရားရုံးရဲ့ ဥပဒေလုပ်ထုံးလုပ်နည်းကို အလွဲပြုတာကနေ ကာကွယ်ဖို့နဲ့ တရားဖြောင့်မှန်ရာ ရောက်အောင် တရားလွှတ်တော်မှာ ရှိရင်းစွဲဖြစ်တဲ့ မူလဘူတ အာဏာကို သုံးစွဲခွင့်ရဖို့ ရည်ရွယ်တာလို့ ဥပဒေပညာရှင်တွေက ရှင်းလင်းထားပါတယ်။
ပြစ်မှု အင်္ဂါရပ်နဲ့ မညီတာ၊ တရားမကြောင်း စွဲရမယ့်အမှုကို ပြစ်မှုနဲ့စွဲတာ၊ နောက်တိုး တရားခံ ထည့်ရာမှာ ဥပဒေနဲ့မညီတာ၊ အမှုကနေအပြီး လွှတ်ပြီးတဲ့သူတွေကို ထပ်မံစွပ်စွဲတာ၊ သက်သေကို မမှန် သက်သေခံမှုတွေနဲ့ အရေးယူတာ စတဲ့အကြောင်းတွေနဲ့ ပတ်သက်ပြီး အမှုတွဲ ချေဖျက်ခွင့် စီရင်ထုံးတွေလည်း ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၅၆၁ အရ တရားစွဲဆိုထားတဲ့အမှုတွေဟာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီရင် စွဲချက်မတင်ခင်မှာ တိုင်းနဲ့ပြည်နယ်တရားလွှတ်တော်တွေဆီကို စွပ်စွဲခံရသူက အမှုတွဲ ချေဖျက်ဖို့ လျှောက်ထားခွင့်ရှိတာဖြစ်ပါတယ်။
အတိုင်ပင်ခံကို ထောင်ဒဏ် ချထားတဲ့ အမှု ၄ အတွက်လည်း တိုင်းတရားရုံးဆီ ပြင်ဆင်မှု တက်ထားပါတယ်။
နေပြည်တော်အချုပ်ထောင်ကို အပို့ခံထားရတဲ့ အတိုင်ပင်ခံဆီကို တပတ်မှာသုံးကြိမ် ထောင်ဝင်စာ ပို့ခွင့်ရပြီး နေကောင်းကျန်းမာတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မြေနေရာနဲ့ ပတ်သက်တဲ့ အဂတိအမှု ရာကြီးအမှတ် -၄ အတွက် အတိုင်ပင်ခံ ပုဂ္ဂိုလ်က အဂတိလိုက်စားထားတာ မရှိတဲ့အတွက် သူ့မှာ အပြစ်မရှိကြောင်း ဇူလိုင် ၅ ရက် ရုံးချိန်းမှာ ကိုယ်တိုင် ထွက်ဆိုခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့အမှုစုစုပေါင်း ၂၀ ထက် မနည်းရှိခဲ့ပြီး အဲဒီထဲက ၆ မှု အတွက် ထောင်ဒဏ် ၁၁ နှစ်ချ မှတ်ထားပါတယ်။
ကျန်တဲ့အမှုတွေရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေပါ ပေါင်းလိုက်ပါက အသက် ၇၇ နှစ်အရွယ် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နောက်ထပ်ထောင်ဒဏ်အနှစ် ၁၈၀ ကျော်အထိ ချမှတ်ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။