ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်၊ ပေါကားဒဲ (ဝဲကြီးဒေသ) ကို ဇူလိုင် ၁၆ ရက် မွန်းလွဲ ၁ နာရီလောက်က ထိုင်းဘုရင့်တပ်မတော်- နယ်ခြားစောင့်တပ်ရဟတ်ယာဉ် ၁ စီး ၂ ကြိမ်ပျံသန်းသွားခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။
ထိုင်းဘုရင့်တပ်မတော်-နယ်ခြားစောင့်တပ်က ရှေ့တန်းစခန်းတွေအတွက် စားနပ်ရိက္ခာပို့ဆောင်ချိန်နဲ့ နယ်စပ်လုံခြုံရေးအတွက် လေကြောင်းကနေ ကင်းလှည့်ပျံသန်းချိန်အတွင်းမှာ နယ်စပ်စည်းမျဉ်းကို ၂ ကြိမ်တိုင်တိုင် ဖြတ်ကျော်ပျံသန်းသွားခဲ့တာပါ။
ထိုင်းဘုရင့်တပ်မတော်-နယ်ခြားစောင့်တပ်အနေနဲ့ နယ်စပ်လုံခြုံရေးအတွက် လေကြောင်းကနေ ကင်းလှည့်ပျံသန်းမှုမပြုလုပ်ခင် ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ မူတြော်ခရိုင်၊ နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေဆီကို ကြိုတင်အသိပေးအကြောင်းကြားရစမြဲဖြစ်ပြီး အခုပျံသန်းမှုအတွင်း တစုံတရာကြိုတင်အကြောင်းကြားတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ကြိုတင်အသိပေးအကြောင်းကြားထားတာမရှိတဲ့အတွက် ထိုင်းဘုရင့်တပ်မတော်-နယ်ခြားစောင့်တပ်ရဲ့ ရဟတ်ယာဉ်မဟုတ်ဘဲ စစ်ကောင်စီပိုင် ရဟတ်ယာဉ်သာဖြစ်နိုင်တယ်လို့ ဒေသခံအရပ်သားပြည်သူတွေက ဝေဖန်ပြောဆိုနေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီက လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုနဲ့ ဘူးသိုမြို့နယ်၊ ပါဟိုက်ကျေးရွာအုပ်စုအတွင်းက ကျေးရွာနှစ်ရွာအတွင်းကို ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံအရပ်သားပြည်သူ ၁၀ ဦးကျော် သေဆုံးဒဏ်ရာရရှိခဲ့သလို နေထိုင်သွားလာရေးနဲ့ လုပ်ကိုင်စားသောက်ရာမှာ စိုးရိမ်ထိန့်လန့်နေရတယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။