Home
မြန်မာသတင်း
ဖာပွန်ခရိုင်၌ ၁၅ ရက်အတွင်း တိုက်ပွဲ ၆၉ ကြိမ်ဖြစ်၊ စစ်ကောင်စီဒုဗိုလ်အပါအဝင်အယောက် ၃၀ သေဆုံး
DVB
·
July 17, 2022
292704658_1129094764617462_6562489243137140977_n

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅ ဖာပွန် (မူတြော်) ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်တွေနဲ့ KNLA တပ်ဖွဲ့တို့ ဇူလိုင်လ နှစ်ပတ်တာအတွင်း တိုက်ပွဲပေါင်း ၆၉ ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီရဲ့ ဒုဗိုလ်အပါအဝင်အယောက် ၃၀ သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ဒီနေ့ ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ ထောက်ပို့ယာဉ် ၁ စီးနဲ့ မြင်းလား ၁ ကောင်ကို သုတ်သင်ချေမှုန်းနိုင်ခဲ့သလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဘက်က တပ်ဖွဲ့ဝင် ၆ ဦး တိုင်းပြည်နဲ့လူမျိုးအတွက် အသက်စွန့်ခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ နှစ်ပတ်တာအတွင်း စစ်ကောင်စီက လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုနဲ့ ဘူးသိုမြို့နယ်၊ ပါဟိုက်ကျေးရွာအုပ်စုအတွင်းက ကျေးရွာနှစ်ရွာအတွင်းကို ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒ့ါအပြင် မြေပြင်ကနေ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေအတွင်းနဲ့ လုပ်ငန်းခွင်တွေအတွင်းကို အမြောက်လက်နက်ကြီး ၁၇ လုံး ပစ်ခတ်ခဲ့ပါတယ်။

ဇူလိုင် ၁၄ ရက်က ဘူးသိုမြို့နယ်၊ မယ်ပြိ(မဲပလိ) ကျေးရွာအုပ်စုအတွင်း အမှတ် ၁၀၀၁၄ နယ်ခြားစောင့်တပ် (BGF) တပ်ရင်းမှူး ဗိုလ်မောင်ချစ်ရဲ့ ညွန်ကြားချက်နဲ့ BGF တပ်ဖွဲ့ဝင်တွေက ဒေသခံပြည်သူတွေဆီကနေ အတင်းအဓမ္မငွေကြေးကောက်ခံခဲ့ပါတယ်။

ဒါ့အပြင် ဘူးသိုမြို့နယ်၊ မယ်ပြိကျေးရွာအုပ်စု၊ ထီးလားဘက်ထာကျေးရွာကမ်းနားဂိတ်၊ ပွယ်လော်ကလိုး(ယွန်းစလင်းချောင်း)အတွင်း ကူးလူးသွားလာနေတဲ့ စက်‌လှေ ၁ စီးကို ၂၀၀၀၀ ကျပ်နဲ့ ဖောထီးခူကမ်းနားဂိတ်ကနေ ကူးလူးသွားလာနေတဲ့ စက်လှေ ၁ စီးကို ၅၀၀၀၀ ကျပ်စီ အတင်းအဓမ္မ ဆက်ကြေး‌ကောက်ခံခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024