ချင်းပြည်နယ် မတူပီမြို့မှာ ဗိုလ်မှူးသန်းနိုင်ဝင်းအသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဇူလိုင် ၁၆ ရက်နေ့မှာ အပြစ်မဲ့ပြည်သူ ၆ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့က မတရားဖမ်းဆီး စစ်ဆေးနေတယ်လို့ CDF-မတူပီက ပြောပါတယ်။
“ပြည်သူ ၆ ယောက်ကို မတူပီမြို့ပေါ်မှာ ဖမ်းသွားတယ်လို့ သိရတယ်ဗျ။ သူတို့ အမည်တွေကိုတော့ အတိကျမသိရသေးဘူး။ အဖမ်းခံရတဲ့ထဲက ၂ ယောက်တော့ ပြန်လွတ်ပြီလို့ သိရပြီး ၄ ယောက်ကျန်နေသေးတယ်။ အဖမ်းခံရတဲ့ ပြည်သူတွေဟာ CDF-မတူပီနဲ့ ဘာမှ မပတ်သက်ဘူး။ သူတို့ကို သိလည်းမသိဘူး။ ခလရ (၁၀၄) က ဗိုလ်မှူးသန်းနိုင်ဝင်းကိုတော့ ဇူလိုင်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှာ မတူပီမြို့နဲ့ ၃ မိုင်လောက်အကွာက ကျေးရွာတရွာမှာ ကျနော်တို့ CDF-မတူပီက သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာ” လို့ ဆလိုင်းချင်းက ပြောပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ လုံးဝမပတ်သက်ဘဲ ဝေးဝေးနေပေးပြီး စစ်ကောင်စီယန္တရား လည်ပတ်အောင် မလုပ်ဆောင်ကြဖို့ကိုလည်း သတိပေးထားပါတယ်။
ဗိုလ်မှူးသန်းနိုင်ဝင်းဟာ တပ်တွင်းက CDM ဝင်ချင်နေတဲ့ ရဲဘော်တွေကို လိုက်လံစုံစမ်း ဖမ်းဆီးကာ ရဲဘော် ၇ ယောက်ကို သတ်ဖြတ်ခဲ့ပြီး ၄ ယောက်ကတော့ တပ်တွင်းအချုပ်ထဲမှာ ကျန်သေးတယ်လို့ သိရပါတယ်။