ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၁၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးက လက်ဖက်ရည်ဆိုင်မှာ ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ရာ ရာအိမ်မှူးတဦးသေပြီး တဦးဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးရှိ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ဆိုင်ကယ်နဲ့လာရောက်ပြီး ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"သူတို့က ရုံးနားက စံပယ်ဖူး လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့အချိန် ပစ်သွားတာ၊ အကုန်ထ ပြေးတာ။ နှစ်ဦးထိသွားတယ် တဦးကပွဲချင်းပြီးသေတယ်၊ တဦးက ဒဏ်ရာရတယ်၊ နှစ်ဦးစလုံး ရာအိမ်မှူးတွေ။”
သေဆုံးသူမှာ အမှတ် ၁၅ ရပ်ကွက် ရာအိမ်မှူး ဦးဝင်းနိုင်ဖြစ်ပြီး ဒဏ်ရာရရှိသူကတော့ ရာအိမ်မှူး ဦးထွန်းမင်းဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
“ဆိုင်ထဲကိုဝင်ပစ်သွားတာ၊ ဆိုင်ကယ်နဲ့လာတဲ့သူတွေ ဖမ်းမမိပါဘူး။ တဦးသေတယ်၊ တဦး ဒဏ်ရာရတယ်။”
စစ်ကောင်စီတပ်တွေဟာ အမှတ် ၁၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့အနီးတဝိုက်မှာ လမ်းသွားလမ်းလာနဲ့ ဆိုင်ကယ်တွေကို လတ်တလော စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ဇူလိုင် ၁၅ ရက် ညနေပိုင်းကလည်း ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးနဲ့အပစ်ခံရတာကြောင့် ရပ်ကျေးစာရေး ဝန်ထမ်းနဲ့ ရာအိမ်မှူးလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။