Home
မြန်မာသတင်း
Kaung for You ကျောင်းအုပ်ကြီးနှင့် ဆရာ ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
July 17, 2022
293352589_1380625769088429_613179988398215115_n

Kaung for You ကျောင်းအုပ်ကြီးနဲ့ ဆရာ ၂ ယောက်ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက သူတို့ရဲ့ ဝါဒဖြန့် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ဇူလိုင် ၁၆ ရက် ညပိုင်းမှာ ကြေညာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကျောင်းအုပ်ကြီး ဦးကောင်းသိုက်စိုး ဖမ်းဆီးခံရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို အဲဒီကျောင်းမှာ သင်ကြားနေတဲ့ ဆရာ၊ ဆရာမတချို့လည်း ဖမ်းဆီးခံခဲ့ရတာပါ။

ဦးကောင်းသိုက်စိုးဟာ လက်ထောက်မြို့နယ် ပညာရေးမှူးဖြစ်ပြီး ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့တာကြောင့် ရဲစခန်းမှာ ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်ခံထားရတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူနဲ့အတူ CDM ဆရာတွေဖြစ်တဲ့ ဦးဝင်းဗိုလ်နဲ့ ဦးသန့်စင်ထိုက်တို့ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့က လှည်းရိုးရပ်ကွက် ပြည့်တန်ဆာခန်းမှာ ဖမ်းမိခဲ့တာလို့ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ သတင်းထုတ်ပြန်ခဲ့တာပါ။

သူနဲ့ ရင်းနှီးသူတွေကတော့ ဒါဟာ စစ်ကောင်စီရဲ့ လုပ်ကြံဝါဒဖြန့်တာဖြစ်ပြီး ဦးကောင်းသိုက်စိုးတို့ ခရီးသွားနေတုန်း ဖမ်းခံခဲ့ရတာလို့ ပြောပါတယ်။

“သေချာသွားတာပေါ့ အဖမ်းခံရတာ၊ အစပိုင်းတုန်းက အတည်ပြုလို့မရဘူးလေ၊ ခုတော့ တကယ်အဖမ်းခံလိုက် ရတာပေါ့။ ဒါပေမယ့် စစ်ကောင်စီက ဂုဏ်သိက္ခာပါ ထိခိုက်အောင် မကောင်းတဲ့နေရာမှာ မိတယ်ဆိုပြီး သတင်းမှားဖြန့်တာ တော်တော်ယုတ်မာတဲ့လုပ်ရပ်ပါ”လို့ CDM ပညာရေးဝန်ထမ်းတဦးက ဒီဗွီဘီကိုပြောပါတယ်။ 

Kaung for You နဲ့ ပတ်သက်တဲ့ ဆရာ ဆရာမတွေ၊ ငွေကြေးထောက်ပံ့တာတွေ၊ ပူးပေါင်းပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကိုလည်း ဖော်ထုတ်ဖမ်းဆီးမယ်လို့ စစ်ကောင်စီ က ကြေညာပြီး ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ သူတို့ဖွင့်ထားတဲ့ ကျောင်းတွေမှာပဲ တက်ကြဖို့၊ တခြားကျောင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း လျှို့ဝှက်သတင်းပေးကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီလက်အောက်မှာဖွင့်တဲ့ ကျောင်းတွေမှာ မတက်ရောက်တဲ့ ကျောင်းသူ၊ ကျောင်းသား တွေအနေနဲ့ အွန်လိုင်းကနေဖွင့်တဲ့ ကျောင်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေး ဝန်ကြီးဌာနက မြေပြင်မှာ ဖွင့်လှစ်တဲ့ ကျောင်းတွေမှာတက်ရောက်နေကြပြီး စစ်ကောင်စီက နည်းမျိုးစုံနဲ့ ဖမ်းဆီး နှောင့်ယှက်နေတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024