ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ ဇူလိုင် ၁၅ ရက် မနက်ပိုင်းက ဗုံးထောင်မယ်သတင်းကြားလို့ ကင်းလှည့်စောင့်ကြည့်နေတဲ့ စစ်ကောင်စီခန့် ရာအိမ်မှူးတယောက် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မရမ်းကုန်းမြို့နယ် အမှတ် ၂ ရပ်ကွက် ရာအိမ်မှူး ခင်မောင်လတ်ဆိုသူဟာ ဗုံးထောင်မယ် သတင်းကြားလို့ ကင်းလှည့်စောင့်ကြည့်နေစဉ် အမည်မသိ သေနတ်သမားအဖွဲ့က လာရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူ ဒေသခံတဦးက “ဒီရက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက လူတွေကို လုံခြုံရေးသတိရှိဖို့ ရပ်ကွက်ရုံးက ပြောဆိုထားတာတွေရှိတယ်။ ရန်ကုန်မှာလည်း ဗုံးတွေက ခဏခဏပေါက်နေတော့ ရပ်ကွက်ထဲလည်း လုံခြုံရေးအရ စောင့်ကြည့်ခိုင်းတာတွေရှိတယ်။ ရာအိမ်မှူးကလည်း အရင်ရက်တွေကတည်းက အဲ့ဒီနားမှာ လမ်းလျှောက်သလိုလိုနဲ့ ကင်းလှည့်နေတာ။ ဒီနေ့မနက်တော့ ဘယ်သူ သေနတ်နဲ့ပစ်လဲမသိ သေပြီ” လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ရာအိမ်မှူး ခင်မောင်လတ်ဟာ ဘုရင့်နောင် စွယ်စုံမီးပွိုင့်အနီး ဗုံးထောင်မယ်လို့ သတင်းကြားတဲ့အတွက် ကင်းလှည့်လမ်းလျှောက် စောင့်ကြည့်နေစဉ် အမည်မသိ သေနတ်သမားက သေနတ်နဲ့ သုံးချက် ပစ်ခတ်သွားတာပါ။
ရာအိမ်မှူး ခင်မောင်လတ်ဟာ နဖူး၊ ရင်ဘတ်၊ လည်ပင်း သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသွားပြီး အခင်းဖြစ်နေရာမှာ စစ်ကောင်စီတပ်က စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မရမ်းကုန်းမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးပိုင်းကလူတွေ မကြာခဏ သေနတ်နဲ့ ပစ်သတ်ခံနေရပြီး ပြီးခဲ့တဲ့ မေလက အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထဲကို အမည်မသိ သေနတ်ကိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့လို့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး သေဆုံးခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။