Home
မြန်မာသတင်း
သူရဘွဲ့ရ ရဲဒုတပ်ကြပ် ၁ ဦး ကေအန်ယူထံ အလင်းဝင်
DVB
·
July 15, 2022
293976596_1127657671427838_2670971568828862875_n

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ဖာပွန်(မူတြော်)ခရိုင်၊ တပ်မဟာ ၅ ထံ ဖာပွန်မြို့ရဲစခန်းက ရဲဒုတပ်ကြပ်တယောက် လက်နက်ခဲယမ်းတွေနဲ့အတူ လက်နက်ချ အလင်းဝင်ရောက်ခဲ့တယ်လို့ ကေအန်ယူက ဇူလိုင် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

လက်နက်ချ အလင်းဝင်ရောက်လာတဲ့ ရဲကိုယ်ပိုင်အမှတ် (လ-၂၇၂၃၃၂)၊ ရဲဒုတပ်ကြပ်ဇေယျာ (၃၈ နှစ်) ဟာ V8-63 အမျိုးအစား မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ကျည် ၁၁၄ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ဓားမြောင် ၂ လက်နဲ့အတူ ထွက်ပြေးလာခဲ့တာပါ။

အလင်းဝင်ရောက်လာတဲ့ ရဲဒုတပ်ကြပ်ဟာ ရဲတပ်ဖွဲ့မဝင်ရောက်ခင်က အကြမ်းဖက်စစ်တပ်မှာ ကိုယ်ပိုင်နံပါတ် တ-၃၆၇၄၆၆ တပ်သားအဆင့်နဲ့ ၁၃ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကိုးကန့်ဒေသမှာ တာဝန်ကျစဉ်က ကိုးကန့်စခန်းတွေဖြစ်တဲ့ ပွိုင့် ၄၅၂၇ နဲ့ သံခမောက်ကုန်းစခန်းတွေကို သိမ်းပိုက်ရာမှာ  ပါဝင်တိုက်ခိုက်သူအဖြစ် သူရဘွဲ့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်သက် ၁၃ နှစ် တာဝန်ထမ်းဆောင်နေရင်း ရဲတပ်ဖွဲ့ကို ပြောင်းရွှေ့ခံရပြီးနောက် ၂၀၁၈ ခုနှစ်မှာ ရန်ကုန်တိုင်း၊ လှော်ကားရဲတပ်ရင်းအမှတ် ၈ မှာ သင်တန်းပြီးမြောက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရဲတပ်ရင်းအမှတ် ၆ မှာ တာဝန်ထမ်းဆောင်နေရာက ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၁ ရက်ကစတင်ပြီး ဖာပွန်မြို့ ရဲလုံခြုံရေးဌာနမှာ ရဲဒုတပ်ကြပ်အဆင့်နဲ့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲဒုတပ်ကြပ်ဇေယျာက “အကြမ်းဖက်စစ်တပ်တွေက ပြည်သူ့အာဏာကို မတရားသိမ်းဆည်းတယ်။ အပြစ်မဲ့ပြည်သူတွေကိုလည်း မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာတွေကို သိနေမြင်နေရတော့ ဒီအဝန်းအဝိုင်းထဲမှာ ဘယ်လိုမှ တာဝန်မထမ်းဆောင်ချင်တော့ဘူး” လို့ အလင်းဝင်ရောက်ရတာနဲ့ ပတ်သက်ပြီး ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ မှန်ကန်တဲ့ ရွေးချယ်မှုအတွက် ဘယ်တော့မှ နောင်တရနေမှာ မဟုတ်သလို တော်လှန်‌ရေးအဖွဲ့အစည်းကလည်း နွေးနွေးထွေးထွေးနဲ့ ကြိုဆိုလက်ခံပြီး ကျွေးမွေးစောင့်ရှောက်ပေးထားလို့ ကေအန်ယူက ဆိုပါတယ်။

ဒါကြောင့် ကျန်ရှိနေသေးတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ မရရတဲ့နည်းလမ်း ရှာကြံပြီး ရုန်းထွက်လာဖို့နဲ့ ဘာမှ စိုးရိမ်ကြောက်လန့်နေစရာမလိုဘဲ တော်လှန်ရေးအဖွဲ့အစည်းတွေက လှိုက်လှဲပျူငှာစွာနဲ့ ကြိုဆိုလက်ခံပေးနေတယ်လို့ ရဲဒုတပ်ကြပ်က တိုက်တွန်းထားကြောင်း ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024