Home
ဆောင်းပါး
အာဆီယံ အားထည့် ကန့်ကွက်ရမယ့် ၂၀၂၃ ရွေးကောက်ပွဲ
DVB
·
July 15, 2022
Article

ခြေတလှမ်းပင် ဆက်လှမ်းလို့မရတဲ့ စည်းဝိုင်းတခုထဲ လက်ဝှေ့သမားတယောက် ရပ်နေ။ သူ့ရဲ့ရှေ့ စည်းဝိုင်းအပြင်ဘက်မှာတော့ နောက်ထပ် လက်ဝှေ့သမားတယောက်။ စည်းဝိုင်းအပြင်ဘက်မှာရှိတဲ့ လက်ဝှေ့သမားက လက်ဝှေ့ဘယ်လိုထိုးကြမယ်ဆိုတဲ့ စည်းကမ်းကို အခုလို ပြောပြတယ်။

‘ပထမအချက်က မင်း ငါ့ကိုထိခိုက်အောင် ပြန်မထိုးရဘူး၊ ဒုတိယအချက်က ငါထိုးသမျှ မင်း ခံရမယ်၊ တတိယက ဒီစည်းဝိုင်းကနေ မင်း မရွေ့ရဘူး။ ဒီအခြေခံမူ ၃ ချက် လက်ခံရင် စထိုးလို့ရပြီ’ တဲ့။ ကာတွန်းဆရာ SN(MON) ရဲ့ တကွက်ကာတွန်း၊ လှလှပပ သရော်ချက်။ မင်းအောင်လှိုင်ရဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် ကြိုတင်သတ်မှတ်ချက် ၃ ရပ်လိုတယ်လို့ ပြောကြားလိုက်တဲ့သတင်း ထွက်ပေါ်ပြီး မကြာမီ ကာတွန်းဆရာက အဲဒီလို အပြောင်မြောက်ဆုံး သရော်လိုက်ခြင်းဖြစ်တယ်။

ကြည့်၊ ကာတွန်းဆရာက သရော်မယ်ဆိုရင်လည်း သရော်ချင်စရာ၊ မင်းအောင်လှိုင် ပြောချလိုက်တဲ့ ကြိုတင်သတ်မှတ်ချက် ၃ ရပ်ဆိုတာက အစိုးရနဲ့ ပူးပေါင်းမယ်ဆိုရင် အစိုးရ ပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ဆောင်ခြင်းမျိုး မလုပ်ရ၊ အစိုးရကို အစားမထိုးရနဲ့  ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ၂၀၀၈ အခြေခံဥပဒေကို အခြေခံမူအဖြစ် သတ်မှတ်ရမယ်တဲ့။

မင်းအောင်လှိုင်ရဲ့ရိုက်ချက်က အဲဒီလို ချည်ပြီးတုပ်ပြီး။ ဆွေးနွေးပြီဆိုတာနဲ့ အာဏာသိမ်းရုံတင်မက တိုင်းပြည် အလုံးစုံပျက်သုဥ်းရေးကို စွမ်းစွမ်းတမံ အားထုတ်နေတဲ့ ရာဇဝတ်သားကို အစိုးရဖြစ်ကြောင်း တခါတည်း သတ်မှတ်ပြီးသား။ အစိုးရကိုလည်း ပျက်စီးရာပျက်စီးကြောင်း မကြံရ၊ အစိုးရကိုလည်း အစားမထိုးရ၊ ပြီးတော့ စစ်ရောင်တောက်နေတဲ့ ၂၀၀၈ အခြေခံဥပဒေကြီးရဲ့အောက်မှာ ငြိမ်းချမ်းရေးအတွက် ဖန်ခွက်ချင်းတောင် တိုက်လိုက်ချင်သေး။

မင်းအောင်လှိုင်ပြောတဲ့ ကြိုတင်သတ်မှတ်ချက် ၃ ရပ်ဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကောက်ချက်ချသလို သွေးရူးသွေးတန်း ပြောဆိုခြင်းလို့တော့ မမြင်။ တကယ့်ကို အတည်။ တကယ်ကို ယုံကြည်ပြီးပြောတာ။ မင်းအောင်လှိုင်က လက်ရှိ တိုင်းပြည်စီးပွားရေး အခြေအနေကို အသေအချာသိပုံမရ။ အခြေအနေမကောင်းဘူး ဆိုတာလောက် သိပေမဲ့ ဖြေရှင်းစရာ ဉာဏ်ရည်က ရှိပုံမပေါ်တော့ လုံးစေ့ပတ်စေ့သိအောင် မကြိုးစားဘဲ အရှိတရားကနေ ထွက်ပြေးနေတဲ့ပုံ။

မင်းအောင်လှိုင်တို့ ကျွမ်းကျင်လှပါတယ်ဆိုတဲ့ ပစ်ခတ်ထိုးစစ်ဆင် တိုက်ပွဲဝင်ခြင်းတွေကို ကြည့်မလား။ နယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပြီဆို သောက်သောက်လဲ သေလိုက်မယ်ဟေ့ ဆိုတာချည်းမို့ မြေပြင်ထိုးစစ် စတင်မယ်ရှိသေး၊ လေကြောင်းပစ်ကူ အရန်သင့်၊ အခေါ်တော်ဆင့်ထားရ။ တိုင်းရင်းသားလက်နက်ကိုင် မပြောနဲ့၊ ရှိတာလေးနဲ့ ဖြစ်သလိုတိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကိုတောင် လေကြောင်းပစ်ကူခေါ်ရ၊ ကျီးကန်းတောင်မှောက် ဖြဲကြည့်နေတဲ့ကြား အလစ်အငိုက် အတိုက်ခံရ၊ နေ့စဉ် မိုင်းထိနေတဲ့စစ်သားနဲ့ CDM စစ်သား အရေအတွက် အမှန်လောက် မင်းအောင်လှိုင်သိရရင် ရူးသွားနိုင်တဲ့ကိန်း။ အာဏာသိမ်းကာလ တနှစ်ခွဲကျော်အတွင်း PDF အင်အား သိသိသာသာ တိုးလာနေတာ မင်းအောင်လှိုင် မသိလောက်တဲ့ မင်းအောင်လှိုင် အခြေအနေပါပဲ။

သံတမန်ရေးမှာလည်း လုံးဝအပြိုတွေ ဆက်ကာဆိုပေမဲ့ မင်းအောင်လှိုင်ရဲ့ လက်ရှိအခြေအနေဟာ သူ့ဘာသာသူ ကြံဖန်ဖြေလို့ရသေးတဲ့ အနေအထား။ သူ့ကိုယ်သူ လုံးဝမျှော်လင့်လို့ မရတော့တဲ့ အခြေအနေမျိုး မဟုတ်သေးလေတော့၊ ဒေါ်ဇင်မာအောင် ပြောသလို သွေးရူးသွေးတန်းအဆင့် မရောက်သေးတာ သေချာတယ်။ ညဘက် ကိုယ့်ဘဝရှေ့ရေး ခေါင်းထဲဝင်လာရင် အိပ်လို့မပျော်တော့တဲ့အဆင့်၊ သောက်နေကျအိပ်ဆေးကို နှစ်ဆပက်ချလိုက်လည်း မျက်လုံးတွေ ကြောင်နေတယ်ဆိုတဲ့အဆင့်။

ကိုယ့်ဘာသာ အံတင်းတင်းကြိတ် မြန်မာသမိုင်းမှာ မင်းအောင်လှိုင်ဟာ တတိယအာဏာရှင်ကြီးအဖြစ် မသေမချင်း သမ္မတကြီးရာထူးကို ဆုပ်ကိုင်ထားနိုင်မလား။ လစ်ဗျားအာဏာရှင် ကဒါဖီလို သူ့ကိုမသတ်ပါနဲ့ လက်အုပ်ချီ တောင်းပန်နေတဲ့ကြား ကျည်ဆန်က ပြေးဝင်လာတော့ သမိုင်းမှာ နှစ်ခါသေရတဲ့ အဖြစ်ဆိုးနဲ့ ကြုံရမလား။ အီရတ်အာဏာရှင် ဆဒမ်ဟူစိန်လို ကြိုးစင်ပေါ် ညှိုးငယ်တဲ့မျက်နှာနဲ့ တက်ရမလား။ မင်းအောင်လှိုင် ရွေးချယ်လိုက်တဲ့လမ်းက အဲဒီလို လူမိုက်ဉာဏ် တထွာအတိုင်း ရွှေထီးဆောင်းရမလား၊ မြေကြီးပေါ် ခေါင်းထိုးစိုက်ရမလား။ ကြားအဖြေမရှိ လုံးဝအပြတ်။

မင်းအောင်လှိုင်က အာဆီယံမူ ၅ ရပ်နဲ့လည်း အပြတ်။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့လည်း အပြတ်၊ မြန်မာပြည်သူတွေနဲ့လည်း အပြတ်။ ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဟာ သူ့ရဲ့ မဟာထွက်ရပ်လမ်းအဖြစ် ဘယ်သူ့အပြောအဆိုကိုမှ လက်မခံဘဲ ဇွတ်တရွတ် ခပ်ပြတ်ပြတ်အရွေ့။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲပို့တယ်။ အာဆီယံအထူးသံတမန်ကို အရိပ်အကဲ နားမလည်တဲ့ လူပေါကြီးတယောက်လို ဆက်ဆံလိုက်တယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ တိုက်တွန်းတော့ ဘယ်လိုမှမဖြစ်နိုင်တဲ့ ကြိုတင်သတ်မှတ်ချက် ၃ ရပ်နဲ့ အပြတ်ဖြတ်လိုက်တယ်။ သူက သူသွားချင်တဲ့ ၂၀၂၃ ရွေးကောက်ပွဲ လမ်းကြောင်းကနေ သူ့အာဏာ ရာသက်ပန်တည်မြဲရေး လမ်းကြောင်းဆီ လျှောက်ဖို့သာ သန္နိဋ္ဌာန်ချထားတဲ့ပုံ။

အဲဒီလို မင်းအောင်လှိုင်အဖြစ် မြင်နေရချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် ထိုင်းရောက်လာတယ်။ ဇူလိုင် ၁၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေး အာဆီယံမူ ၅ ရပ်ဟာ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ မတွေ့ရဘူးလို့ ဘလင်ကန်က ပြောကြားလိုက်တယ်။ ပြီးတော့ မြန်မာစစ်အုပ်စုက သူ့ရဲ့လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိအောင်၊ အကြမ်းဖက်မှု လျှော့ချပြီး အကျဉ်းသားတွေ လွှတ်ပေးအောင် အာဆီယံအနေနဲ့ ဆက်လက်ဖိအားပေးဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးမှာ တရုတ်နဲ့ အာဆီယံ ဖိအားပေးဖို့ တိုက်တွန်းကြောင်းလည်း ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အာဆီယံမူ ၅ ရပ် ဘာမှတိုးတက်မှုမရှိဘူးလို့ ပြောကြားလိုက်တာဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဆောင်ရွက်ချက်တွေ ဘာမှ တိုးတက်မှုမရှိသေးဘူးလို့ ဝန်ခံလိုက်တာပါပဲ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ အာဆီယံလမ်းကြောင်းကနေတဆင့် မြန်မာ့အရေးကို ကိုင်တွယ်နေကြတာကြောင့်ဖြစ်ပြီး အာဆီယံမူ ၅ ရပ်အနောက်မှာ အားလုံးက ရပ်ခံနေကြတာကြောင့်ပဲ ဖြစ်ပါတယ်။

အာဆီယံမူ ၅ ရပ် ဘာမှတိုးတက်မှု မရှိတဲ့အတွက် စစ်အုပ်စုကို ဖိအားတွေ ထပ်တိုးပေးဖို့ အာဆီယံကို အမေရိကန်က တောင်းဆိုပါတယ်။ အာဆီယံမှာက စစ်အုပ်စုကို ခပ်ပြတ်ပြတ် ဖိအားပေးလိုတဲ့ နိုင်ငံနဲ့ လည်သလိုနေမယ်ဆိုတဲ့ နိုင်ငံဆိုပြီး နှစ်ရောင်ကွဲနေတယ်။ ဒါ့အပြင် မြန်မာ့အရေးနဲ့ပတ်သက်ပြီး  ဖိအားပေး အရေးယူခြင်းကို အမေရိကန်နည်းလမ်းအဖြစ် မှတ်ယူကာ တရုတ်က လက်ခံပုံမရပါဘူး။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပြောသွားခဲ့တဲ့ မြန်မာ့အရေး တရုတ်မျှော်လင့်ချက် ၃ ရပ်ထဲမှာ အာဆီယံအနေနဲ့ အာဆီယံနည်းလမ်းဖြစ်တဲ့ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမရှိရေး၊ ပေါင်းစပ်ညှိနှိုင်းရေး ဆိုတဲ့ အခြေခံမူကို ကိုင်စွဲကာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြုသဘောဆောင်စွာ ဖော်ဆောင်ရင်း အာဆီယံရဲ့ ပြီးပြည့်စုံတဲ့ စည်းလုံးညီညွတ်မှုနဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ထိန်းသိမ်းဖို့ဆိုပြီး ပါဝင်တယ်။

တရုတ်ရဲ့ဆိုလိုပုံက အာဆီယံအနေနဲ့ အာဆီယံမူ ၅ ရပ်ကို ဖော်ဆောင်ရာမှာ ပြည်တွင်းရေး စွက်ဖက်ရာမရောက်၊ အာဆီယံရဲ့ စည်းလုံးညီညွတ်မှုကို အထိခိုက်မခံဘဲ ပေါင်းစပ်ညှိနှိုင်းတဲ့ ပုံစံနဲ့ ဖော်ဆောင်ဖို့ တိုက်တွန်းလိုက်တာပါ။ ဒါကို တည့်တည့်ပြောရမယ်ဆိုရင် လမ်းမှားလျှောက်နေတဲ့ မင်းအောင်လှိုင်လေးကို ကျောသပ်ရင်သပ် ချိုသာတဲ့စကားလုံးတွေနဲ့ မူ ၅ ရပ်ကို လိုက်နာလာအောင် စိတ်ရှည်ရှည်ထား ဖျောင်းဖျခိုင်းလိုက်တာပါ။

ဆိုတော့ အာဆီယံမူ ၅ ရပ် အထိုင်ကနေ အာဆီယံအနေနဲ့ ထပ်တိုးအရေးယူမှုတွေ လုပ်ဖို့ဆိုတာ အစည်းအဝေးပေါင်းများစွာနဲ့ ချာလပတ်ရမ်း အချိန်ကုန်ဦးမှာ သေချာပါတယ်။ အဲဒီလို အာဆီယံမူ ၅ ရပ် တခုလုံးအပေါ် အခြေခံတဲ့ ထပ်တိုးဖိအားနဲ့ အရေးယူမှုကို အာဆီယံစတိုင်အတိုင်း အချိန်ကြာနိုင်ပေမဲ့ အာဆီယံမူ ၅ ရပ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အကြောင်းအရာတခုစီအလိုက် မူ ၅ ရပ်အပေါ် အခြေခံတဲ့ ကန့်ကွက်မှုမျိုးကို ညှိနှိုင်းရ မခက်ဘူးလို့ ထင်ပါတယ်။

သိပ်မကြာခင်အချိန်မှာ အာဆီယံအနေနဲ့ မလွဲမသွေ လုပ်ဆောင်ဖို့လိုတာက အာဆီယံမူ ၅ ရပ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ၂၀၂၃ ရွေးကောက်ပွဲဆိုတာကို ကန့်ကွက်ဖို့ပါပဲ။ ၂၀၂၃ ရွေးကောက်ပွဲဆိုတာကို အသိအမှတ်မပြုကြောင်း အာဆီယံက စပြောဖို့လိုပြီး အာဆီယံရဲ့နောက်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက ကျောထောက်နောက်ခံပြုပေးဖို့ လိုပါတယ်။

စစ်အုပ်စုရဲ့ ၂၀၂၃ ရွေးကောက်ပွဲခြေလှမ်းဟာ အာဆီယံမူ ၅ ရပ်နဲ့ မညီရုံတင်မက အာဆီယံကိုရော နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ စိန်ခေါ်လိုက်တာ ဖြစ်တဲ့အတွက် အာဆီယံရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ တရားဝင် ကန့်ကွက် အသိအမှတ်မပြုဖို့ လိုပါတယ်။ အထူးသဖြင့် ဒေသတွင်း အာဆီယံရဲ့ ၂၀၂၃ ရွေးကောက်ပွဲကို အသိအမှတ်မပြုတာ အင်မတန်မှ အရေးပါလှပါတယ်။

ဆန့်ကျင်ဘက်စကားပြောဖို့ရာ ဘယ်တုန်းကမှ မညီညွတ်ခဲ့တဲ့ အာဆီယံစတိုင်အရ အာဆီယံ ပါးစပ်ပေါက်ကနေ ၂၀၂၃ ရွေးကောက်ပွဲကို အသိအမှတ်မပြု ကန့်ကွက်ကြောင်း ထွက်လာဖို့ရာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖိအား လိုအပ်မှာကတော့ အသေအချာပါပဲ။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024