မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်က ပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ်က ဇူလိုင် ၁၃ ရက် မနက်ပိုင်းမှာ ဖမ်းဆီးသွားပြီး ကျောက်သွေးခုံက ငွေကျပ် သိန်း ၂၀၀ ကျော်ကိုလည်း သိမ်းသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အောင်သစ်လွင်ရပ်ကွက်ထဲကို စစ်ကောင်စီတပ်က အိမ်ထောင်စုဇယားနဲ့ ဖမ်းဝရမ်း နာမည်စာရင်း တိုက်စစ်ဆေးပြီးနောက် အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၂ ယောက် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
အောင်သစ်လွင်ရပ်ကွက်ထဲက ကျောက်သွေးခုံကို စစ်တပ်က ဝင်ရောက်စစ်ဆေးပြီး ကျောက်တွေနဲ့ ငွေသိန်း ၂၀၀ ကျော်ကို ယူဆောင်သွားတယ်လို့ ပြောပါတယ်။
မြို့ခံတဦးက “တအိမ်ဝင်တအိမ်ထွက် လိုက်စစ်တာဟုတ်တယ်။ ကျောက်သွေးခုံက ကောင်လေးက စစ်ခွေးလို့ ပြောလို့ဆိုပြီး နေရာမှာ ခွေးလိုအူခိုင်းတာတဲ့။ ကျောက်တွေလည်း ပါသွားတယ်ပြောတယ်။ ခု ၅ ယောက် အဖမ်းခံထားရတယ်” လို့ ပြောပါတယ်။
စစ်တပ်က ရပ်ကွက်အတွင်း ဝင်ရောက်စစ်ဆေးနေချိန် ဘယ်သူ့ကိုမှ အပြင်ထွက်ခွင့်မပေးဘဲ စစ်ဆေးခဲ့ပြီး သူတို့ထွက်သွားမှသာ အပြင်ထွက်ခွင့်ရတယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့မှာ စစ်တပ်က ရပ်ကွက်တွေအတွင်း အင်အားသုံးပိတ်ဆို့ပြီး မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားတွေကို ဇွန်လ တတိယပတ်က စတင်ပြီး လိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။