ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့မှာ ဇူလိုင် ၁၃ ရက် ဒီကနေ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီနေ့မွန်းလွဲ ၁၂ နာရီခွဲလောက်က မိုးမိတ်မြို့အထွက်ဂိတ်မှာ ဗုံးတလုံးပေါက်ကွဲခဲ့ပြီး သေနတ်ပစ်ခတ်မှုတွေ ဖြစ်ခဲ့သလို မြို့တွင်း ပလက်တီနမ်ဧည့်ရိပ်သာ လမ်းဆုံမှာလည်း နောက်ထပ်ဗုံးတလုံး ပေါက်ကွဲခဲ့တယ်လို့ မိုးမိတ်မြို့ဒေသခံတယောက်က ပြောပါတယ်။
“မြို့အဝင်ဂိတ်မှာ ပထမဆုံး ဗုံးတချက်ပေါက်တယ်။ အဲ့ဒါပြီးတော့ သေနတ်ပစ်သံ အချက်နှစ်ဆယ်လောက် ဆက်တိုက်ထွက်လာတာ။ အဲဒါပြီးတော့ နောက်နှစ်မိနစ်လောက်အကြာမှာ မြို့ထဲမှာ ဗုံးသံနောက်တချက် ထပ်ထွက်လာတယ်။ အဲဒါပြီးတော့ ငြိမ်သွားရော။”
အဆိုပါဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ရှိ မရှိ ဆိုတာကိုတော့ အတည်ပြုလို့ မရနိုင်သေးပါဘူး။
မိုးမိတ်မြို့မှာ ဇူလိုင် ၁၁ ရက် မနက်ပိုင်းကလည်း ခရိုင်ထွေအုပ်ရုံးမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် ထွေအုပ်အမျိုးသမီးဝန်ထမ်းနှစ်ယောက် ဒဏ်ရာအပြင်း ထန် ရရှိခဲ့ပါတယ်။