စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဟားခါးလေးကျေးရွာမှာ ဇူလိုင် ၁၁ ရက် မွန်းတည့်ကစပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကြီးအောင်ကျေးရွာဘက်မှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၂၀ လောက်ဟာ ခွေးခါးတောင်မှဆင်းပြီး ဟားခါးလေးကျေးရွာအတွင်း ဝင်လာချိန် မွန်းတည့် ၁၂ နာရီလောက်် VAKOK-CNDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အပြင်းအထန် ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။
အဆိုပါတိုက်ပွဲမှာ CNDF မှ တပ်သားတယောက် ကျဆုံးခဲ့ပြီး RKDF မှ တပ်သားတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ VAKOK-CNDF က ထုတ်ပြန်ထားပါတယ်။
“Ranger Kalay Defence Force - RKDF မှ ရဲဘော်တယောက် Private Area မှာ ဗုံးစတွေ ထိမှန်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်။ CNDF က ရဲဘော်တယောက် ကျဆုံးတယ်။ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးတွေ ရှိနိုင်ပေမဲ့ ထိခိုက်ကျဆုံးတဲ့ အရေအတွက်ကို အတိအကျ မသိရှိနိုင်ခဲ့သေးဘူး” လို့ VAKOK-CNDF က ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ဟားခါးလေးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှာ တညတာ တပ်ဆွဲပြီး ဇူလိုင် ၁၂ ရက် မနက်ပိုင်းက ဟားခါးလေးကျေးရွာတောင်ခြေမှ မြောက်ဘက် စည်သာကျေးရွာဘက်ကို ဦးတည်ထွက်ခွာလာစဉ် CNDF၊ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့တွေဘက်က အထိအခိုက် အကျအဆုံးမရှိ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ ကလေးနယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကလေးနယ်တောင်ပိုင်း ကလေး-ဂန့်ဂေါ လမ်းကြောကို သွားလာတာတွေ မပြုလုပ်ကြဖို့ ပြည်သူတွေကို သတိပေးမေတ္တာရပ်ခံထားပါတယ်။
လတ်တလော ကလေးမြို့တွင်း နေရာအနှံ့အပြားမှာလည်း စစ်ကောင်စီတပ်က စစ်ဆေးတာတွေကို တင်းတင်းကျပ်ကျပ် ပြုလုပ်နေပြီး မြို့ပေါ်ရှိ စာသင်ကျောင်းတချို့မှာလည်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်တပ်ဆွဲနေပါတယ်။