စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတရွာမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေ ဦးဆောင်ပြီး သံဃာတော်တွေကို ဆွမ်းလောင်းလှူတာနဲ့ ဝါဆိုသင်္ကန်း ကပ်လှူတာတွေကို ဇူလိုင် ၁၂ ရက် ဝါဆိုလပြည့်နေ့က ကျင်းပခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီကျေးရွာဟာ အရင်ကတည်းက ဝါဆိုလပြည့်နေ့တိုင်း နှစ်စဥ် ဆွမ်းလောင်းလှူပွဲ ပြုလုပ်ခဲ့ကြပေမဲ့ ကိုဗစ်ကာလနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် မကျင်းပနိုင်ခဲ့တာ ၃ နှစ်တိုင်တိုင် ရှိပြီဖြစ်ကြောင်း၊ ဒီနှစ်မှာတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဦးဆောင်ပြီး အခုလိုပွဲမျိုး ကျင်းပနိုင်ခဲ့တာလို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။
ဆွမ်းလောင်းလှူပွဲကို ပင့်သံဃာ ၃၀ ကျော်နဲ့ ဒေသခံပြည်သူ ရာချီ တက်ရောက်လောင်းလှူခဲ့ကြပြီး စုပေါင်း ဝါဆိုသင်္ကန်းကပ်လှူတာနဲ့ ပြည်သူ့ကာကွယ်ရေးတပ်စု တခုချင်းဆီကလည်း ဝါဆိုသင်္ကန်း ကပ်လှူခဲ့ကြတယ်လို့ သိရပါတယ်။