ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါလေ ကားလမ်းပေါ်မှာ ဇူလိုင် ၁၂ ရက်က စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတို့အပါအဝင် အရာရှိနဲ့ တပ်သားအများအပြား တပ်ရင်းဖွဲ့စည်းပုံပျက်တဲ့အထိ ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
ကေအန်ယူ တပ်မဟာ (၆) နယ်မြေ၊ မြဝတီ-ဝေါလေ ကားလမ်းမပေါ်က သုံးထပ်ကွေ့နဲ့ သရက်တပ်ရွာကြားမှာ စစ်ကောင်စီတပ်မ (၄၄) လက်အောက်ခံ ခလရ (၈) စစ်ကြောင်းနဲ့ ကော်ဘရာစစ်ကြောင်းတို့ ဒီမနက် ၆ နာရီ မိနစ် ၂၀ လောက်က စတင်တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ရင်းမှူးကျဆုံးပြီး ဒုရင်းမှူးက ဆေးရုံမှာ သေဆုံးတဲ့အပြင် တပ်သား ၅ ယောက် အရှင်ဖမ်းမိခဲ့ကာ တပ်ဖွဲ့ဝင်တွေအများထွက်ပြေးသွားကြပြီး ကော်ဘရာစစ်ကြောင်း ဘက်က ၃ ယောက်သာ ပွန်းပဲ့ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်လက်နက်ကိုင်အဖွဲ့နဲ့ နီးစပ်သူက ဆိုပါတယ်။
နယ်မြေရှင်းလင်းနေဆဲဖြစ်ပြီး လတ်တလော အနေနဲ့ RPG ဗုံးသီး ၂၆ လုံး၊ RPG ဗို့ယမ်း ၂၁ တောင့်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ နင်းမိုင်း ၂၁ လုံး၊ လက်ပစ်ဗုံး ၁၇ လုံး၊ MA1 တလက်၊ စက်လတ်ကျည်၃၀၀၀၊ အခြားကျည်ဆန် ၅၀၀၀ တောင့် အပါအဝင် သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကော်ဘရာစစ်ကြောင်းက သိမ်းဆည်းရမိပါတယ်။
အဆိုပါ တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးသလို စစ်ကောင်စီတပ်က အရာရှိနဲ့ စစ်သည်တွေ သေဆုံး ဒဏ်ရာရတဲ့ အရေအတွက် အတိအကျကိုလည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လတ်တလောမှာတော့ မြန်မာနိုင်ငံတဝန်း အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။
Photo -ကော်ဘရာစစ်ကြောင်း