မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၀၇၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၅၄၄ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၄၇၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၂၄၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၄ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၅ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၁ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၄၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ ကျောင်းဆရာမ ဒေါ်ချိုယမင်းဟန်ကို အိုးဘိုအကျဉ်းထောင်တွင်း အထူးတရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပ ဒေ ပုဒ်မ ၅၀(ည) နဲ့ ဇူလိုင် ၆ ရက်မှာ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ်ချိုယမင်းဟန်ဟာ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာလို့ အေအေပီပီက ပြောပါတယ်။
ဒါ့အပြင် ဇူလိုင် ၉ ရက်ညနေပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်မှာ နေထိုင်တဲ့ ကိုမုံစွန့်ခိုင်ဟာ ဆိုက်တွဲဆိုင်ကယ်နဲ့ သူငယ်ချင်းတွေကို ပို့ဆောင်ချိန် ဆိပ်ကမ်းသာဈေးအနီး မှာ စစ်သားတွေရဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရပြီး နောက်ကျောမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ ကိုမုံစွန့်ခိုင်ကို ဆေးရုံဆီ ပို့ဆောင်ခဲ့ပေမယ့် ဇူလိုင် ၁၀ ရက်မနက် ၃ နာရီမှာ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။