Home
မြန်မာသတင်း
လောင်းလုံးတွင် ပျူစောထီးများ စခန်းချနေသည့် နေအိမ်တိုက်ခိုက်ခံရ
DVB
·
July 11, 2022
291975590_1398156740666038_3828081965036629466_n

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာရှိ နေအိမ်တလုံးမှာ စခန်းချနေထိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေကို ဇူလိုင် ၉ ရက်၊ ည ၁၁ နာရီကျော်လောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီပူးပေါင်းတိုက်ခိုက်မှုမှာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အထူးပြောက်ကျားတပ်ဖွဲ့၊ T5 ဖယ်ဒရယ်စစ်ကြောင်းက တပ်ဖွဲ့ဝင်များ၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး တပ်ခွဲ(၁) နဲ့ Dawei Defense Team_ DDT တပ်ခွဲ (၃) တို့ ပါဝင်ပြီး တိုက်ခိုက်မှုကြောင့် ပျူစောထီးအဖွဲ့ဝင်တဦးသေဆုံးကာ ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ သိရပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု တနာရီခွဲလောက် ဖြစ်ပွားခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အောင်မြင်စွာဆုတ်ခွာပြီး မိနစ်နှစ်ဆယ်ခန့်အကြာမှာတော့ အမှတ် (၁၀၄) ခြေလျင်တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကား ၄ စီးနဲ့ စစ်ကူရောက်ရှိလာတယ်လို့လည်း သိရပါတယ်။

လောင်းလုံးဒေသခံတဦးက "အဲညက ပစ်နေကြတာက ပန္ဒလဲမှာတင်မဟုတ်ဘူး၊ သုံးနေရာလောက်က ပစ်သံတွေကြားရတာ။ ပန္ဒလဲမှာက အပြန်အလှန်ပစ်ပြီး တိုက်ပွဲဖြစ်တာ၊ စစ်ကူဆင်းလာတဲ့ ကားလေးစီးက လမ်းမှာ နှစ်စီးကျန်ခဲ့ပြီး ပန္ဒလဲကိုတော့ နှစ်စီးရောက်လာတယ်" လို့ ပြောပါတယ်။

လမ်းတလျှောက် သေနတ်ပစ်ခတ်ပြီး စစ်ကူဆင်းလာတဲ့ စစ်ကား ၄ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမယ့် မပေါက်ကွဲခဲ့ဘူးလို့လည်း သိရပါတယ်။

ပန္ဒလဲကျေးရွာဟာ ထားဝယ်မြို့ကနေ ၇ မိုင်ခန့်အကွာ ထားဝယ်-လောင်းလုံး ကားလမ်းမပေါ်မှာတည်ရှိပြီး ပျူစောထီးအဖွဲ့ဝင်တွေရဲ့ ရမ်းကားမှုကြောင့် မေလ အစောပိုင်းကနေ အခုထိ တရွာလုံးနီးပါ နေအိမ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။

လောင်းလုံးမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇွန်လအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အဆိုပါ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ ပူးပေါင်းဖမ်းဆီးပစ်ခတ်မှုတွေကြောင့် ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး နေအိမ်တလုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုတိုက်ခိုက်ခံရတဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်ညကလည်း ပန္ဒလဲကျေးရွာအတွင်း ကျေးရွာရပ်မိရပ်ဖ ၃ ဦးကို နေအိမ်တွေထဲအထိ ဝင်ရောက် ပစ်ခတ်တာကြောင့် ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024