မကွေးတိုင်း မြိုင် နဲ့ ပေါက်မြို့နယ်က ဒေသခံပြည်သူ ၇ ယောက်ကို ဇူလိုင် ၉ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသတ်ဖြတ်လိုက်ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပေါက်မြို့နယ် ကမ္ဘားဖြူရွာနဲ့ မြိုင်မြို့နယ် တောင်ရိုးရွာဘက်ကို ဇူလိုင် ၉ ရက် မနက် ၁၀ နာရီလောက်မှာ စစ်အင်အား ၁၀၀ လောက် စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒေသခံပြည်သူ ၇ ယောက်ကို ဖမ်းဆီးသွားကြတာလို့ ကမ္ဘားဖြူဒေသခံတယောက်က ပြောပါတယ်။
ကမ္ဘားဖြူရွာက ဒေသခံပြည်သူ ၅ ယောက်နဲ့ တောင်ရိုးရွာက ဒေသခံပြည်သူ ၂ ယောက်ကို ဖမ်းဆီးပြီး လည်ပင်းကြိုးနဲ့ချည်ကာ မြိုင်စက်မှု ၂ ထဲကို ဖောကားနဲ့ ဆွဲခေါ်သွားလို့ ၇ ယောက်လုံး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ကမ္ဘားဖြူဒေသခံက “စစ်(...)တွေ ဝင်လာတော့ ကျနော်တို့လည်း အသက်လုပြီး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရတာ။ မပြေးနိုင်လို့ ကျန်ခဲ့တဲ့သူတွေ ဖမ်းဆီး သတ်ဖြတ်ခံလိုက်ရတာပဲ”လို့ ဆိုပါတယ်။
ကျေးရွာ ၂ ရွာက နေအိမ်တွေကို တစ်အိမ်တက်ဆင်း ဝင်ရောက် မွှေနှောက်ပြီး ပြည်သူတွေရဲ့ လက်ဝတ်ရတနာတွေ၊ ငွေကြေးတွေနဲ့ ပစ္စည်းတွေ ကျပ်သိန်း ၃၇၀ ကျော်ဖိုးလောက်ကို ခိုးယူ သွားကြပြီး ပြည်သူတွေရဲ့ ဆိုင်ကယ်အများအပြားကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇူလိုင် ၈ ရက်အထိ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူ ၂၀၇၄ ယောက်ရှိပြီး နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၁၄၅၁ ယောက်ရှိအနက် ၁၂၂၄ ယောက် ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ဇူလိုင် ၈ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။