တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာနေ ဦးကျော်ဟိန်းဆိုသူအား ဒလန်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇူလိုင် ၉ ရက်၊ ည ၁၁ နာရီခွဲလောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရာ တူမဖြစ်သူ အသက် ၇ နှစ်အရွယ် မငုဝါနိုး ကျည်ဆန်ထိမှန် သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ထုတ်ပြန် ပါတယ်။
ပစ်ခတ်မှုအတွင်း ဦးကျော်ဟိန်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ဇနီးဖြစ်သူ ဒေါ်ဖြူသန်းနဲ့ မငုဝါနိုးတို့ ကျည်ဆန်ထိမှန်ခဲ့ပြီး မငုဝါနိုးကတော့ တင်ပါးမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အသက်သေဆုံးသွားခဲ့တာလို့ မငုဝါနိုးရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။
မငုဝါနိုးရဲ့မိဘတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တေါရဲ့ ရန်ပြုမှုကြောင့် တိမ်းရှောင်နေကြရပြီး မငုဝါနိုးမှာ အခုပစ်ခတ်မှုဖြစ်ပွားတဲ့ အဒေါ်ဖြစ်သူရဲ့နေအိမ်မှာ ခေတ္တ လာရောက်နေထိုင်တာလို့ ရွာခံတွေက ပြောပါတယ်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီဝင်တဦးက “ကျနော်တို့ အဲဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူနဲ့ စကားပြောပြီးပါပြီ။ အဲဒီဖြစ်စဥ်မှာ သူတို့တပ်ဖွဲ့ဝင်တွေ ပါဝင်ကြောင်းနဲ့ ဆက်လက် စုံစမ်းဖော်ထုတ်သွားမယ်လို့ အကြောင်းပြန်တယ်” လို့ ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒေါ်ဖြူသန်းကိုတော့ ဒီနေ့မနက် ၅ နာရီ လောက်မှာ ထားဝယ်ပြည်သူ့ဆေးရုံကြီးကို တင်ပို့ခဲ့ပြီး ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
မငုဝါနိုးမှာ အချိန်မီ ဆေးကုသမှုခံယူနိုင်ပါက အသက်ရှင်နိုင်ပေမယ့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အရေးပေါ်ကားနဲ့ လူနာကို သယ်ဆောင်ခွင့် မပြုတာကြောင့် အသက် မသေဆုံ်သင့်ဘဲ သေဆုံးရတာလို့ ကူညီပေးခဲ့သူတွေက ပြောပါတယ်။