မကွေးတိုင်း ပခုက္ကူမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားသူတွေကို ပြန်လွှတ်ပေးလိုက်တဲ့အတွက် ခိုး၊ ဆိုး၊ လု၊ နှိုက်၊ ဓားပြမှုနဲ့ အနုကြမ်းစီးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုယက်၊ အနုကြမ်းဆီးမှုတွေဟာ ညပိုင်းတွေမှာသာမက နေ့ခင်းဘက်တွေမှာကို လမ်းမကြီးပေါ်တွေမှာ ဖြစ်ပွားနေကာ အမျိုးသမီးတွေဆိုရင် တန်ဖိုးကြီးလက်ဝတ်ရတနာတွေနဲ့ ဆိုင်ကယ်အကောင်းစားတွေစီးပြီး လမ်းပေါ်ကို တယောက်တည်း ထွက်ပါက အချိန်းမရွေးအန္တရာယ်ကျရောက်တာတွေ ဖြစ်နေတယ်လို့ ပခုက္ကူမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူတွေကို လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွှတ်ပေးပြီးနောက် သူတို့ရဲ့ လက်ကိုင်တုတ် အဖြစ်မွေးကာ မြို့ပေါ်မှာ မူးယစ်ဆေးဝါးတွေ ပေါ်ပေါ်ထင်ထင် ရောင်းဝယ်နေကြပြီး ဒုစရိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေကြတယ်လို့ ပြောပါတယ်။
ပခုက္ကူမြို့မှာ မူးယစ်ဆေးဝါးကိုလည်း ပေါ်တင်ရောင်းဝယ်နေကြသလို လက်နက်အတိုတွေပါ တရားဝင်ပုံစံမျိုး ကိုင်ဆောင်နေကြပြီး ဒုစရိုက်မှုတွေက နေစဥ်ရက်ဆက်ကို ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
ပခုက္ကူမြို့မှာ ဒုစရိုက်မှုဖြစ်ပွားတဲ့ ဖြစ်စဥ်များစုကို လေ့လာကြည့်လိုက်ရင်တော့ စစ်ကောင်စီ ဘက်က လုပ်သွားပြီးတော့မှ PDF တွေက အကြမ်းဖက်တယ်၊ ဓားပြတိုက်တယ် စတဲ့ စကားလုံးတွေနဲ့ ဝါဒဖြန့်ပြီး ပြည်သူနဲ့ တော်လှန်ရေးအင်အားစုတွေကြားကို သွေးထိုးရန်တိုက်ပေးနေတာလို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“တချို့ဖြစ်စဥ်တွေကိုတော့ ကျနော်တိုကိုယ်တိုင် လေ့လာနေတုန်းပဲ ရှိပါသေးတယ်။ တကယ်လို့ PDF တွေဘက်က တစ်စုံတရာ ပါဝင်ပတ်သတ်မှုရှိတာမျိုး စုံစမ်းတွေ့ရှိခဲ့ရင်တော့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စည်းမျည်းစည်းကမ်းနဲ့ အညီဖြစ်အောင် မြို့နယ် ပ.က.ဖ ကနေ စစ်ဆေးအရေးယူတာတွေ ဆောင်ရွက်ပါလိမ့်မယ်။”
ဒါပေမယ့် လတ်တလောဖြစ်ပွားခဲ့တဲ့ ဖြစ်စဥ်တွေမှာတော့ PDF တွေ ပါဝင်တယ်ဆိုတာမျိုး ခိုင်လုံတဲ့ သက်သက်အချက်အလက်မတွေ့ရှိသေးပါဘူးလို့ ဆိုပါတယ်။
ပခုက္ကူမြို့မှာ တခြားမြို့တွေထက် ဒုစရိုက်မှုတွေပေါများနေတာဟာ အခုလက်ရှိ ပျူစောထီးတို့၊ ဒလန်သတင်းပေးတို့ ဖြစ်နေကြတဲ့ သူတွေက အရင်တုန်းက မြို့ပေါ်မှာ ဂိုဏ်းစတားဆန်ဆန် ဆိုးမိုက်နေတဲ့ လူငယ်တွေဖြစ်ကြောင်း၊ စစ်တပ်ဘက်ကလည်း သူတို့ကြီးစိုးထားတဲ့မြို့မှာ လက်ကိုင်တုတ်တွေ ဘာလုပ်လုပ်ဆိုပြီး လွှတ်ပေးထားတာကြောင့် အခြေနေပိုဆိုးနေတာလို့ ပြောပါတယ်။
“ကျနော်တို့ဘက်က တချို့သတင်းအချက်အလက်တွေ ရထားတာရှိပေမယ့် ဒီမြို့နယ်အနေအထားအရ စစ်တပ်က သာလွန်အင်အား ဖြစ်နေတာကြောင့် ဖမ်းဆီးအရေးယူတာမျိုးတွေ မရှိသေးတာပါ။ ဒါပေမယ့်ရရင်ရသလို မြို့နယ်အခြေစိုက် PDF အဖွဲ့တွေ ညှိနှိုင်းပြီး အရေးယူနိုင်အောင် ဆောင်ရွက်ကြိုးစားသွားပါတယ်” လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ပခုက္ကူမြို့မှာ ဇူလိုင် ၄ ရက်နေ့ မနက်ပိုင်းကလလည်း မြို့မစျေးရှိ ရှမ်းဧကရီ ရွှေဆိုင် ဓားပြအတိုက်ခံရလို့ ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးတွေ ဆုံးရှုံးခဲ့သလို ဇူလိုင် ၅ ရက်နေ့ နေ့လယ်ပိုင်းမှာလည်း အထည်ချုပ်စက်ရုံလုပ်သားတွေအတွက် လစာငွေ သိန်း ၂၀၀၀ ကျော်နဲ့ ကားတစီးကို ဓားပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။