Home
မြန်မာသတင်း
ရေစကြိုတိုက်ပွဲတွင် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ကူပေး၊ ပခုက္ကူမြို့၌ ကင်းလှည့်စစ်သားနှင့် ရဲများ တိုက်ခိုက်ခံရ
DVB
·
February 25, 2023
332935059_6024653200888198_687382361172120071_n

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီး တွေ တိုက်ခိုက်ခံခဲ့ရပြီး ၉ ယောက်ထက် မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့  ရေစကြို မြို့နယ် ပ.က.ဖ ကနေ သိရပါတယ်။

ဇီးတောပျူစောထီးရွာကို မနေ့မနက် ၆ နာရီမှာ ဒေသကာကွယ်ရေးတပ်တွေ ၄ နာရီကြာ စီးနင်းတိုက်ခိုက်ခဲ့သလို စစ်တပ်က လေကြောင်း ပစ်ကူပေးခဲ့တယ်လို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။

“အဲဒီပျူစောထီးရွာကို စီးနင်းနိုင်ပြီးတော့ ခမရ ၂၅၇ တပ်ရင်းဘက်က စစ်ကူမလာနိုင်အောင် အဲဒီတပ်ရင်းထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်။ ရေစကြိုဘက်ကနေ ထွက်လာတဲ့ စစ်သားတွေပါတဲ့ ၁၂ ဘီးကား တစီးကိုလည်း ငါးမွေးမြူရေးခြံနားမှာ ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်။”

အဲဒီတိုက်ခိုက်မှုအတွင်း ကားထိခိုက်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ၄ ယောက် ထက်မနည်း သေဆုံးကာ ဒဏ်ရာတဲ့သူတွေကို ခမရ ၂၅၈ တပ်ရင်းထဲ တွဲခေါ်သွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇီးတောကျေးရွာ စာသင်ကျောင်းမှာ ဘန်ကာတွေလုပ်ပြီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကိုလည်း ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ  ၅ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစာသင်ကျောင်းကို ဝင်ရောက်ချေမှုန်းဖို့ လုပ်တဲေအချိန် တိုက်ခိုက်ရေး ရဟတ်ယာဥ်နဲ့ ၁ နာရီကျော်လောက်ကြာအောင် လေကြောင်းပစ်ကူပေးခဲ့သလို ခလရ ၂၅၇ တပ်ရင်းက ၆၀မမ တွေနဲ့ ပစ်ကူကာ စစ်ကောင်စီဘက်က စစ်ကြောင်း ၂ ကြောင်း တပ်ကူလိုက်လာလို့ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရေစကြို ပ.က.ဖ၊မြိုင် ပ.က.ဖနဲ့ ပခုက္ကူခရိုင် အမှတ်(၉) တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက် ညကလည်း မကွေးတိုင်း ပခုက္ကူမြို့မှာ လှည့်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ PDF ရဲဘော် တယောက် ဒဏ်ရာရခဲ့တယ်လို့ Special Guerrilla Force-SGF ပခုက္ကူက သိရပါတယ်။

မြို့ရှောင်လမ်း တနေရာမှာ ဖေဖော်ဝါရီ ၂၃ ရက် ည ၈ နာရီလောက်က စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကို လက်နက်ငယ်တွေအပြင် M 79(၄၀မမ) ၄ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ SGF ရဲ့ တာဝန်ခံ ဗိုက်ကလေးက ပြောပါတယ်။

မိနစ်အနည်းငယ်ကြာအောင် အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်တပ်စွဲထားတဲ့ တက္ကသိုလ်နဲ့ နီးကပ်နေတဲ့အတွက် အမြန် ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာ ရရှိခဲ့ပြီး PDF ရဲဘော် တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်း မထုတ်ပြန်ပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024