မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာ တလအတွင်း ဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြန်မဖွင့်ပေးပါက အမ်ပီတီ၊ တယ်လီနော တာဝါတိုင်တွေကို ဖောက်ခွဲ ဖျက်ဆီးပြီး လက်နက်ထုတ်ရာမှာ အသုံးပြုသွားမယ်လို့ ပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၉ ရက်မှာ သတိပေးလိုက်ပါတယ်။
ပေါက်မြို့နယ်တောင်ပိုင်းကို မေ ၂၈ ရက်က စတင်ပြီး ဆက်သွယ်ရေးဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားလို့ သတင်းစီးဆင်းမှုရပ်တန့်သွားပြီး ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ ပြည်သူတွေအတွက် အခက်အခဲ ကြုံနေရတယ်လို့ ပေါက်-GZ တပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်စနေက ပြောပါတယ်။
ပေါက်တောင်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့တွေမှာ ဆက်သွယ်ရေးစကားပြောစက်တွေ လုံလောက်မှု မရှိသလို အထိုင်စက်တွေလည်း အလုံအလောက်မရှိတဲ့အတွက် ဖုန်းလိုင်းမိတဲ့နေရာတွေကို ရှာဖွေပြီး အသုံးပြုနေရတယ်လို့ ဆိုပါတယ်။
ဗိုလ်စနေက “ဒီနေ့ ဇူလိုင် ၉ ရက်နေ့ကနေ စလို့ ၁ လ အချိန်ပေးထားတယ်။ ၁ လအတွင်းမှာ ဖွင့်မပေးဘူးဆိုရင် ဖောက်ခွဲဖျက်ဆီးပြီး အမ်ပီတီ/တယ်လီနောမမတွေ ထုတ်လုပ်ပြီး တော်လှန်ရေးအတွက် အသုံးပြုသွားမယ်” လို့ ပြောပါတယ်။
ရွာဘက်တွေမှာ ဆက်သွယ်ရေး ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ စစ်ကြောင်း ဝင်တာတွေလည်း မသိရတော့ မပြေးနိုင်တာကြောင့် ဖမ်းဆီးခံရသူတွေနဲ့ အသက်ဆုံးရှုံးခဲ့ရသ်တွေရှိတယ်လို့ ကင်းမကျေးရွာ ဒေသခံတဦးက ပြောပါတယ်။
ထီးလင်းမြို့နယ်မှာလည်း ဆက်သွယ်ရေးကုမ္ပဏီတွေက ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတိပေးချက် ကို လိုက်နာမှုမရှိတဲ့အတွက် ဇွန် ၁၈ ရက်မှာ ထီးလင်း-PDF က အမ်ပီတီ တာဝါတိုင် တတိုင်ကို ဖြိုချ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။