စစ်ကောင်စီယာဥ်တန်းတွေ ဖြတ်သန်းသွားလာလေ့ရှိတဲ့ ပေါက်-ပခုက္ကူကားလမ်းပေါ်က အုန်းတောတံတား အမှတ်(၁)ကို မေလ ၃၀ ရက် ည ၁၂ နာရီလောက်မှာ PDF-မကွေး တပ်ရင်းက ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ PDF-မကွေး ကနေသိရပါတယ်။
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့အဝင် အုန်းတောတံတားဟာ ယောဒေသဘက်ကို စစ်ကောင်စီတပ်တွေ ရိက္ခာပို့၊ စစ်ကြောင်းထိုးရာမှာ အများဆုံးအသုံးပြုတဲ့ တံတားဖြစ်တယ်။
PDF-မကွေးရဲ့ တပ်ရင်းမှူး ဗိုလ်ညိုကြီးက “အဲဒီတံတားကို မနေ့က ည ၁၁ နာရီ ၅၅ မိနစ်မှာ အဝေးထိန်းမိုင်းလုံးနဲ့ ဖောက်ခွဲရာ မိုင်း တလုံးကွဲပြီး တံတားဖျက်ဆီးခဲ့တယ်။ မိုင်းတွေကတော့ တံတားတစင်းလုံး အပြည့်ဆင်ထားပြီး တလုံးပဲ ပေါက်ကွဲသေးတာ။ တံတားကတော့ ကားတွေဖြတ်သန်းသွားလာလို့ မရတော့ဘူး။ ဆိုင်ကယ်တွေတော့ သွားလို့ရတယ်”လို့ ပြောပါတယ်။
ဒီတံတား အနီးနားမှာ ကပစ(၂၄) တပ်ရှိပြီး စစ်ကောင်စီတပ်က ပတ်ဝန်းကျင် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ နေရာမှာလည်း အဓိကအသုံးပြုခဲ့တဲ့ တံတား ဖြစ်တယ်လို့ဆိုပါတယ်။
ဗိုလ်ညိုကြီးက “မကွေးတိုင်းအထက်ပိုင်း တောင်ပေါ်ဒေသနဲ့ ချင်းပြည်နယ်ဘက်ကို စစ်ကောင်စီက ထိုးစစ်ဆင်တဲ့အခါမှာလည်း အဓိကအသုံးပြုနေတဲ့တံတားဖြစ်တာကြောင့် မဖြစ်မနေ ဖြတ်တောက်ရမှာမို့လို့ ဖြတ်တောက်ပေးလိုက်တာ။ စစ်ဆင်ရေးမှာ ဖြတ်တောက်ရေးက အရေးပါတာဖြစ်လို့ တောင်ပေါ်ဒေသတွေကို ထိုးစစ်ဆင်တဲ့အခါ စစ်(...)တွေအတွက် အဟန့်အ တား ဖြစ်အောင်ရည်ရွယ်ပြီး ဖောက်ခွဲလိုက်တာ”ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်း စစ်ဗျူဟာမြောက်တဲ့ လက်နက်ကိုင် တော်လှန်ရေးကို အရှိန်မြှင့်တင်နေတာဖြစ်လို့ စစ်ကောင်စီရဲ့ ထိုးစစ်ကို ရပ်တန့်နိုင်ဖို့ တွန်းအားပေး လုပ်ဆောင်နိုင်အောင်ရည်ရွယ်ပြီး ဖောက်ခွဲခဲ့တာလို့ သိရပါတယ်။