မကွေးတိုင်း၊ ချောက်မြို့မှာ ဖေဖော်ဝါရီ ၈ ရက် ညက ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးတခု ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့-CGF ကနေ သိရပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာကြောင့် ချောက်မြို့ အမှတ် ၃ ရပ်ကွက်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကို ဖေဖော်ဝါရီ ၈ ရက် ည ၉ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ CGF ရဲ့ တာဝန်ခံ ဗိုလ်ဘကွန်းက ဒီဗွီဘီကို ပြောပါတယ်။
အာဏာလု စစ်ကောင်စီဟာ ထပ်မံကျင်းပဖို့မလိုတဲ့ ရွေးကောက်ပွဲကို ပြည်သူလူထု တရပ်လုံးက တခဲနက် ဆန့်ကျင်ကန့်ကွက်နေတာကို ဇွတ်အတင်းအဓမ္မ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဥ်နေတဲ့အတွက် ဖောက်ခွဲဖျက်ဆီးလိုက်တာလို့ ဆိုပါတယ်။
နောက်နောင်မှာလည်း ရွေးကောက်ပွဲကျင်းပဖို့အတွက် အားထုတ်ပူးပေါင်း လုပ်ဆောင်တဲ့သူတွေကို သုတ်သင်ရှင်းလင်းသွားမှာဖြစ်ပြီး မိဘပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ရရာနည်းလမ်းနဲ့ ဆန့်ကျင်ကန့်ကွက်ကြဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။
အဲဒီဖောက်ခွဲရေးကို ချောက်ပကဖ၊ KF-PDF၊ Hunter Dragon Group၊ Nway Oo FM ထောက်ပို့အဖွဲ့တို့နဲ့အတူ ပူးပေါင်းဖောက်ခွဲခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်ရှိပြီလို့ ပြောပါတယ်။
ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်းကလည်း ချောက်မြို့က မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့-CGF ကနေ သိရပါတယ်။