အေအေအတွက် ဆေးစိမ်ခြင်ထောင်ပေးခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲဖမ်းဆီးခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာတာဝန်ကျတဲ့ ကျန်းမာရေးဝန်ထမ်း အမျိုးသားတယောက် ဇူလိုင် ၉ ရက်မှာ ပြန်လွတ်မြောက်လာတယ်လို့ သက်ဆိုင်ရာကျန်းမာရေးဌာနက အတည်ပြုပြောပါတယ်။
ဖမ်းဆီးခံထားရသူဟာ မောင်တောမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆေးဘက်ကျွမ်းကျင်(၃)အဆင့်ရှိ ဝန်ထမ်း ကိုစောမင်းနိုင်ဖြစ်ပြီး ဇွန် ၁၉ ရက်မနက်က ပြည်နယ်ကျန်းမာရေးရုံးကနေ နယ်လုံဝန်ကြီးရဲ့အမိန့်နဲ့ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲက ဖမ်းဆီးသွားတာဖြစ်ပါတယ်။
ကိုစောမင်းနိုင် မနေ့ညကပြန်လွတ်လာတဲ့အကြောင်း မောင်တောခရိုင်ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက "လွှတ်ပေးလိုက်တာတော့ သေချာပါတယ်။ သူတို့မိသားစုကိုခေါ်ယူပြီး လွှတ်ပေးလိုက်တာဖြစ်မှာပါ။"လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ဖမ်းဆီးစစ်ဆေးခံရပြီး ပြန်လွတ်လာတဲ့ ကိုစောမင်းနိုင် ကျန်းကျန်းမာမာရှိတဲ့အကြောင်းလည်း ခရိုင်ကျန်းမာရေးတာဝန်ရှိသူကပြောပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်း ကျေးရွာတွေကို ကျန်းမာရေးဌာနရဲ့ အစီအစဥ်နဲ့ ကိုစောမင်းနိုင်က ဆေးစိမ်ခြင်ထောင်တွေ ဖြန့်ဝေးပေးခဲ့တာကို ရက္ခိုင်တပ်တော် (အေအေ)အတွက် ခြင်ထောင်တွေ ပေးခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး စစ်တွေမြို့ရှိပြည်နယ်ကျန်းမာရေးရုံးသို့ ဆင့်ခေါ် ဖမ်းဆီးစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက သံသယနဲ့ ဖမ်းဆီးထားတဲ့ လူငယ်များစွာရှိနေပြီး လူဦးရေ အတိအကျ မသိရသေးပေမဲ့ ရာချီရှိနိုင်ကြောင်း ဒေသခံတွေက ခန့်မှန်းပြောပါတယ်။